ထက်ထက်မိုးဦး ရုံးချိန်းမလာ

ထက်ထက်မိုးဦး ရုံးချိန်းမလာ
by -
ကျော်ခ
7 Day News ဂျာနယ် သတင်းထောက် မအေးသူစံနှင့် သရုပ်ဆောင် ထက်ထက်မိုးဦးတို့ အမှုရုံးချိန်း ယနေ့တွင် ၆ ကြိမ်မြောက် ရှိသွားသော်လည်း မင်းသမီးက တရားရုံးသို့ တကြိမ်မျှ မလာကြောင်း...

7 Day News ဂျာနယ် သတင်းထောက် မအေးသူစံနှင့် သရုပ်ဆောင် ထက်ထက်မိုးဦးတို့ အမှုရုံးချိန်း ယနေ့တွင် ၆ ကြိမ်မြောက် ရှိသွားသော်လည်း မင်းသမီးက တရားရုံးသို့ တကြိမ်မျှ မလာကြောင်း ယင်းဂျာနယ် အယ်ဒီတာတဦးထံမှ သိရသည်။

အမှုအား ရန်ကင်းမြို့နယ် တရားရုံးက ယခင်လ ၂၄ ရက်နေ့က စတင်ကြားနာစစ်ဆေးခဲ့ပြီး ယခုလ ၃ ရက်နေ့မှ နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅ဝ၆ တို့ဖြင့် မအေးသူစံက စွဲဆိုခွင့်ရခဲ့ပြီး တလအတွင်း ရုံးခြိမ်း ၆ ကြိမ်ပြည့်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံကျော်ရုပ်ရှင်မင်းသမီးမှာ တရားရုံးသို့ တကြိမ်မျှ ရောက်မလာခဲ့ဟုဆိုသည်။

“တရားရုံးက ဒီဘက်ကို စစ်တာ ၃ ကြိမ်မြောက် ကတည်းက ပြီးသွားပြီပေါ့နော်။ ဒါပေမယ့် ထက်ထက်မိုးဦးဘက် အပိုင်းကို ခုထက်ထိ ဘာမှကို မလုပ်နိုင်သေးဘူး။ တရားရုံးက ခုထိ သူဆီကို သမ္မာန်စာ ရောက်အောင် မပို့နိုင်သေး ဘူး” ဟု 7 Day News အယ်ဒီတာတဦးက မဇ္စျိမကို ပြောသည်။

ယခင်လ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်၌ ပြုလုပ်ခဲ့သော ကုန်စည်ပြပွဲ တခုတွင် ထက်ထက်မိုးဦးက သူ့အား လာရောက် အင်တာဗျူးသည့် သတင်းထောက် မအေးသူစံ၏ မေးခွန်းများကို မနှစ်သက်ဘဲ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် သတင်းထောက်က တရားရုံးသို့ ဦးတိုက်လျောက်ထားခဲ့ခြင်း ဖြစ်သည်။

ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးကလည်း သူ့ထံသို့ တရားရုံးမှ မည်သည့် အကြောင်းကြားစာမျှ မရောက်ခဲ့သဖြင့် အမှုနှင့်ပတ်သက်၍ ဘာမျှမပြောနိုင်ဟု ဆိုသည်။

“အဲဒီအမှုနဲ့ပတ်သက်လို့ ထက်ထက်ဘာမှ မသိသေးပါဘူး။ ထက်ထက်ကို တရားရုံးက ဘာအကြောင်းကြားစာမှလဲ မပို့ပါဘူး။ ဖုန်းလဲမဆက်ဘူး။ ဖုန်းဆို ၂၄ နာရီ ဖွင့်ထားတာပဲဟာ။ ရုံးချိန်းကကိုယ့်ကို မခေါ်ပဲနဲ့ ကိုယ်ကဘာမှမသိပဲနဲ့ ဘယ်ရုံးကိုသွားပြီး ဘာသွားလုပ်ရမှာလဲနော့” ဟု သူက မဇ္စျိမကို ပြောသည်။

ရန်ကုန်အခြေစိုက် သတင်းစာဆရာ တဦးကမူ ထက်ထက်မိုးဦး၏ သတင်းထောက်တဦးအပေါ် ပြုမှုပုံသည် သတင်းနှင့် စာနယ်ဇင်းသမားများကိုသာမက ဥပဒေကိုပါ မထီမဲ့မြင်ပြုရာရောက်ပြီး တရားရုံးအနေဖြင့်လည်း ယခုကဲ့သို့ လွှတ်ထားပေးခြင်းသည် စားနယ်ဇင်းသမားများအနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ်မဲ့နေသည်ကို ပြသရာရောက်နေသည်ဟု ဆိုသည်။

“ဒီပုံစံက လူသာမန်အချင်းချင်းပဲဖြစ်ပါစေ။ မီဒီယာသမားကိုဖြစ်စေ လည်းပင်းညှစ်လို့ရတယ်။ ရိုက်လို့ ရတယ်။ ဆံပင်ဆွဲလို့ရတယ်။ ပြီးရင် တရားရုံးကဆင့်ခေါ်ရင်လည်း လာစရာမလိုဘူး။ ခပ်အေးအေးနေလို့ရတယ် ဆိုတာဟာ မီဒီယာသမားနဲ့ သတင်းစာဆရာတွေအပေါ်မှာ အလားတူ ဒီလိုတိုက်ခိုက်မှုမျိုးဖြစ်အောင် လွှတ်ပေးထားတဲ့ သဘော မျိုးဖြစ်နေတာပေါ့နော်” ဟု သူက မဇ္စျိမကို ပြောသည်။

သတင်းထောက် မအေးသူစံက ထက်ထက်မိုးဦးအား ကျေးအေးပြီး တရားစွဲဆိုမှုကို ရုတ်သိမ်းပေးစေရန် စာပေနှင့် စာနယ်ဇင်းအဖွဲ့ အနေဖြင့် ကြားဝင်စေ့စပ်ပေးစေ လိုကြောင်း ဖော်ပြထားသည့် စာတစောင်အား ရုပ်ရှင်အစည်းအရုံးက ရန်ကုန်မြို့တွင် ယနေ့ ပြုလုပ်သည့် စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုကော်မတီ အစည်းအဝေးသို့ ပေးပို့ခဲ့သည်ဟု အစည်းအဝေး တက်ရောက်သူ ကော်မတီအဖွဲ့ဝင်တဦးထံမှ သိရသည်။

ယင်းစာနှင့် ပတ်သက်၍မူ အစည်းအဝေး၌ တစုံတရာဆွေးနွေးခြင်းမရှိဟုလည်း သူကဆိုသည်။

“ကျနော်တို့ကို ပြန်ညှိခိုင်းတဲ့စာ ရောက်နေတာပေါ့နော်။ ကာယကံရှင်ကတော့ မတောင်းပန်ဘူးပေါ့နော်” ဟု သူက မဇ္စျိမကို ပြောသည်။

ရန်ကုန်မြို့ခံ ဝါရင့်ရှေ့နေကြီးတဦးကမူ ရုံးချိန်းကို ၆ ကြိမ်လောက်ထိ ရှောင်နေသူ ယခင်က မတွေ့ဘူးသေးကြောင်း၊ ဥပဒေအရ အထောက်အထား ခိုင်လုံပါက ကာယကံရှင် နေထိုင်ရာ အိမ်သို့ တရားရုံးမှ တိုက်ရိုက်ဖြစ်စေ၊ ရပ်ကွက် ကော်မတီဥက္ကဌဖြင့်တွဲ၍ဖြစ်စေအကြောင်းကြားခြင်း၊ ရဲကို တာဝန်ပေး ဖမ်းခိုင်းခြင်းတို့ ဆောင်ရွက်နိုင်သည်ဟုဆိုသည်။

“အမှုလက်ခံပြီးတော့ ရုံးချိန်းသတ်မှတ်ပြီး သမ္မာန်စာဆင့်ခေါ်လို့ မလာဘူးဆိုရင် တရားရုံးရှေ့ကို ရောက်လာဖို့ ဝရမ်း ထုတ်ပြီးတော့ ရဲကိုတာဝန်ပေးပြီး ဆင့်ခေါ် ဖမ်းခွင့် ရှိတာပဲ။ အဲဒီလို တရားရုံးက လုပ်ပိုင်ခွင့်ရှိရဲ့သားနဲ့ ဘာဖြစ်လို့ မလုပ်သေးသလဲဆိုတာကတော့ စဉ်းစားစရာဘဲ” ဟု သူက မဇ္စျိမကို ပြောသည်။

Most read this week