စစ် ရဟတ်ယာဉ်ပျက်ကျ ၄ ဦးသေ

စစ် ရဟတ်ယာဉ်ပျက်ကျ ၄ ဦးသေ
by -
ကျော်ခ
စစ်ဘက်ရဟတ်ယာဉ်တစီး ယမန်နေ့က ရှမ်းပြည်နယ်အတွင်း ပျက်ကျ၍ အရာရှိများအပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး ၁ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့...

စစ်ဘက်ရဟတ်ယာဉ်တစီး ယမန်နေ့က ရှမ်းပြည်နယ်အတွင်း ပျက်ကျ၍ အရာရှိများအပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး ၁ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

အမ်အိုင်-၂ အမျိုးအစား ရဟတ်ယာဉ်သည် ရှမ်းပြည်နယ် ပင်းတယမြို့ပြင်တွင် ဗုဒ္ဓဟူးနေ့လည်က တောင်ကိုဝင်တိုက်မိရာမှ ပျက်ကျမှုဖြစ်ကာ လိုက်ပါသွားသော ဗိုလ်မှူး ကျော်ကျော်ဝင်း၊ ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦးနှင့် တပ်ကြပ်တဦးတို့ သေဆုံးသွားပြီး ဗိုလ်အဆင့်ရှိသူတဦး ဒဏ်ရာပြင်းထန်စွာရ၍ အောင်ပန်းဆေးရုံသို့ ပို့ဆောင် ခဲ့ရကြောင်း လေတပ်သတင်းရပ်ကွက်က မဇ္ဈိမသို့ ပြောသည်။

ဗိုလ်မှူးကျော်ကျော်ဝင်းမှာ နမ့်ဆန်လေတပ်စခန်းတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

လေ့ကျင့်ရေးလုပ်နေချိန်တွင် ရာသီဥတုဆိုးဝါးမှုကြောင့် တောင်ကိုဝင်တိုက်ခြင်း ဖြစ်သည်ဟု ရဲဘက်သတင်းရပ်ကွက်တခုကလည်း ပြောသည်။

ပျက်ကျသွားသော ရဟတ်ယာဉ်သည် မိတ္တီလာလေတပ်စခန်းမှ ဇွန် ၁၅ ရက်နေ့တွင် ပျံသန်းလာပြီး နမ့်ဆန်လေတပ်စခန်းတွင် တညအိပ်ခဲ့သည်။ နောက်တရက်တွင် အခြား ရဟတ်ယာဉ်တစီးနှင့်အတူ ပျံတက်သွားခဲ့ရာက တစင်းပျက်ကျခြင်းဖြစ်သည်ဟု လေတပ်သတင်းရပ်ကွက်က ပြောသည်။

မြန်မာလေတပ်သည် Mil Mi-2 အမျိုးအစား ရဟတ်ယာဉ်သေး ၂၂ စီးကို ပိုလန်နိုင်ငံမှ ၁၉၉ဝ- ၁၉၉၂ ခုနှစ်အတွင်း ဝယ်ယူခဲ့သည်။

ယခုနှစ်ဆန်းပိုင်းက တရုတ်ထုတ် အက်ဖ်-၇ အမျိုးအစား တိုက်လေယာဉ်တစီး ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် ပျက်ကျရာ မောင်းသူသေဆုံးမှု ဖြစ်ပွားခဲ့သည်။

http://mizzimaburmese.com/news/inside-burma/5530-2010-06-17-09-05-40.html

Most read this week