ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့်မောင်တောမြို့နယ် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများနှင့် ရေကြီးကာ လူ ၄၆ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားကြောင်း မြန်မာ့ ရုပ်မြင်သံကြားက ယနေ့ သတင်းထုတ်လွှင့် သွားသည်။
နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းက ” မြေပြို၍ မောင်တောမြို့နယ်တွင် ၂၈ ယောက်သေဆုံးပြီး ဘူးသီးတောင်မြို့နယ်တွင် ၁၈ ယောက်သေဆုံးပြီး လေးဦးဒဏ်ရာ ရသွား ခဲ့သည်” ဟု ပါရှိသည်။
ဇွန်လ ၁၄ ရက်နေ့ညဘက်မှစတင်ကာ အဆက်မပြတ်ရွာသွန်းသော မိုးသည် တနေ့လျှင် မိုးရေချိန်လက်မ ၃၄ စင်တီမီတာ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနက ထုတ်ပြန်ထားသည်။
ဘူးသီးတောင်မြို့တွင် ရပ်ကွက် ရ ခုရှိသည့်အနက် ရပ်ကွက် ၅ မှ လူနေအိမ်တချို့သာ ရေလွတ်ခဲ့ပြီး ကျန် ရပ်ကွက်များမှ ရေလွမ်းမိုးမှုခံလိုက်ရကြောင်းနှင့် ခုလောလောဆယ် ရေဘေးဒုက္ခသည် ၂ဝဝ ကျော်လောက်ကို အထက ၁ ကျောင်းတွင်း ထားရှိသည်ဟု ဘူးသီးတောင်မြို့မှ ကျောင်းဆရာမ တဦးက ပြောသည်။
မောင်တောမြို့တွင် ယမန်နေ့ည ၉ နာရီခန့်တွင် ရေကျစပြုပြီး ဘူးသီးတောင်မြို့တွင်တော့ ယခုထိ ရေမကျသေးကြောင်းနှင့် မိုးဆက်လက်ရွာသွန်းနေပြီး ဒေသခံများက ပြောသည်။
ရန်ကုန်မှပေးပို့သော ရိုက်တာသတင်းတရပ်တွင် မြောက်ဦးနှင့် ကျောက်တော်မြို့များတွင်လည်း ရေကြီးမှှုဖြစ်ပြီး တံတားသုံးစင်း ရေမျောပျက်စီးသွားသည်ဟု ပါရှိသည်။
ရေကြီးမှုကြောင့် ယမန်နေ့ကစပြီး စစ်တွေ-ဘူးသီးတောင်ပြေဆွဲနေသော သင်္ဘောများ ရပ်နားထားရသည်။
http://mizzimaburmese.com/news/inside-burma/5528-2010-06-16-16-44-03.html