ချင်းမိုင် (မဇ္စျိမ) ။ ။ စက်သုံးဆီ အရောင်းဆိုင်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်ပြီး မကြာမီတွင်ပင် အကန့်အသတ်ဖြင့် ရောင်းချမှု ပြန်လည်ဖြစ်ပေါ်လာသည်။
ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဇွန် ၁ဝ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး ၂ ရက် အကြာမှာပင် မော်တော်ယာဉ်တစီးလျှင် တရက်လျှင် အများဆုံး ၁၂ ဂါလံသာ ရောင်းချ ပေးတော့သည်။
ကျောက်မြောင်းမြို့နယ်ရှိ ဒဂုံအင်တာ နေရှင်နယ်ပိုင် ဆီအရောင်းဆိုင်မှ အရောင်းမန်နေဂျာတဦးက စွမ်းအင်ဝန်ကြီးဌာန လက်အောက်ခံ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ လိုသလောက် မရရှိသဖြင့် အရောင်းကန့်သတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
မည်သည့်အကြောင်းကြောင့် စွမ်းအင်ဝန်ကြီးဌာနက ကန့်သတ်မှုပြုသည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း ယာယီသာဖြစ်လိမ့်မည်ဟု အရောင်းဆိုင်များက ခန့်မှန်းထားကြသည်။
ပုဂ္ဂလိကသို့ စက်သုံးဆီများ ဖြန့်ဖြူးခြင်းအပြင် နိုင်ငံခြားမှ ဝယ်ယူတင်သွင်းခွင့်ပါ လွှဲပြောင်းပေးရန် စစ်အစိုးရက စီစဉ်ထားသော်လည်း စမ်းသပ်ကာလ ရက် ၆ဝ အတွင်း စွမ်းအင်ဝန်ကြီးဌာနက အရောင်းဆိုင်များသို့ ရောင်းချနေခြင်းဖြစ်သည်။ ပုဂ္ဂလိကဆိုင်များသည် ဓာတ်ဆီနှင့် ဒီဇယ်ကိုသာ ဖြန့်ဖြူးရောင်းချနိုင်ပြီး သဘာဝဓာတ်ငွေ့ကိုမူ အစိုးရကပင် ထိန်းချုပ်ထားဆဲဖြစ်သည်။
စွမ်းအင်ဝန်ကြီးဌာနက ဓာတ်ဆီတဂါလံလျှင် ၂၃၅ဝ ကျပ်နှုန်းဖြင့် ပုဂ္ဂလိကဆို်င်သို့ ရောင်းချပေးပြီး ဆိုင်အားလုံးအနေဖြင့် တဂါလံလျှင် ၂၅ဝဝ ကျပ်ဖြင့် တပြေးညီ ရောင်းချရန် ကန့်သတ်ထားသည်။
ဒီဇယ်ဆီတဂါလံလျှင် ကျပ် ၂၉ဝဝ စျေးပေါက်သည်။ သို့သော် ပုဂ္ဂလိကဆိုင်များ စတင်ခွင့်ပြုသည့်နေ့မှ ၂ လအတွင်းသာ ကန့်သတ်စျေးနှုန်းဖြင့် ရောင်းချရန်လိုပြီး နောက်ပိုင်းတွင် စျေးနှုန်းအရှင်ဖြင့် ရောင်းချခွင့် ပြုထားသည်။
“ ကွန်ပျုတာနဲ့ကားနံပါတ် မှတ်ထားပြီးတော့... (တနေ့အတွင်း) လာဝယ်ပြီးသား ဖြစ်တယ်ဆိုရင် နောက်တကြိမ် မရောင်းတော့တာ” ဟု ဓါတ်ဆီဝယ်ယူခဲ့သူ ရန်ကုန်သားတဦးက ပြောသည်။
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) ၏ ၂ဝဝ၈ ခုနှစ် ဇန်နဝါရီမှတ်တမ်းအရ မြန်မာနိုင်ငံသည် တရက်လျှင် ရေနံစည် ၄၃၁၄ဝ သုံးစွဲမှုရှိပြီး ထုတ်လုပ်မှုမှာ ၂၁၉ဝဝ စည်ရှိသည်ဟု ဆိုသည်။ သို့သော် အရန်သိုလှောင်ထားရှိမှု ရေနံစည်သန်းပေါင်း ၅ဝ ကျော်ရှိသည်ဟု ခန့်မှန်းထားသည်။
တနိုင်ငံလုံး အတိုင်းအတာအားဖြင့် စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၂၇၁ ဆိုင် ရှိသည့်အနက် ၂၆၁ ဆိုင်ကို ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပြုခဲ့ရာ လုပ်ပိုင်ခွင့်ရရှိသူအများစုမှာ စစ်အစိုးရ၏ လက်ရင်းလူယုံများဖြစ်သည်။
စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရောင်းချရေးအဖွဲ့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိသားစုနှင့် ရင်းနှီးသော ဦးတေဇက ဥက္ကဌ၊ စစ်အစိုးရအဖွဲ့ နံပါတ် ၃ ခေါင်းဆောင် တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏သား ဦးအောင်သက်မန်းက ဒုဥက္ကဌ ဖြင့် ဇန်နဝါရီ ၂၃ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ၁၃၈ ဦးပါဝင်သည်။
ယခင်အာဏာရှင်ဟောင်း ဥိီးနေဝင်းလက်ထက်မှ စတင်ကာ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချမှုကို အစိုးရက ထိန်းချုပ်ပြီး အကန့်အသတ်ဖြင့်သာ ရောင်းချမှု ၄၈ နှစ် ကြာမြင့်ခဲ့သည်။
http://mizzimaburmese.com/news/business/5525-2010-06-16-14-57-41.html