မီးလောင်ခံရသော မင်္ဂလာစျေးမှ ဆိုင်ရှင်များအနေဖြင့် ပစ္စည်းပြောင်းရွှေ့ခြင်းကို ကြာသပတေးနေ့မှ စတင်၍ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန် ဒုတိယမြို့တော်ဝန် ဦးပါက ပြောကြားလိုက်သည်။
နှစ်ရက်နီးပါးကြာ မီးလောင်မှုဖြစ်ပွားပြီးနောက် အာဏာပိုင်များကို ကိုယ်စားပြုပြီး ဒုမြို့တော်ဝန်က စျေးသည်များကို တာမွေမြို့ အထက်တန်း ကျောင်း အမှတ် ၁ တွင် ယနေ့နံနက်က ၁၅ မိနစ်ကြာ တွေ့ဆုံရာတွင် မေလ ၂၇ ရက်နေ့မှ စတင်၍ ပစ္စည်းများ ပြောင်းရွှေ့ခွင့်ပြုမည်ဖြစ်ပြီး ယာယီစျေး အမြန်ဆုံးပြုလုပ်ပေးမည်ဟု ပြောသွားသည်။
အစည်းအဝေးကို နံနက် ၉ နာရီတွင် စတင်ရန် ဖိတ်ကြားခဲ့သော်လည်း တနာရိီစော၍ ကျင်းပသွားသဖြင့် စျေးဆိုင်ပိုင်ရှင်အများ အစည်းအဝေး မမီဘဲ ဖြစ်ခဲ့ရသည်။
ပြောင်းရွှေ့ခွင့်ပြုမည့် အစီအစဉ်နှင့် ပတ်သက်၍ စည်ပင်အရာရှိတဦးက မဇ္ဈိမကို ပြောကြားရာတွင် တထပ်ချင်း ပြောင်းရမည်ဖြစ်ပြီး တတိယ ထပ်ရှိ ဆိုင်ခန်းပိုင်ရှင်များအတွက် မေလ ၂၇ ရက်၊ ပထမထပ်ရှိ ဆိုင်ရှင်များအတွက် မေလ ၂၈ ရက်နှင့် ဒုတိယထပ်ရှိ ဆိုင်များကို မေလ ၂၉ ရက်၊ မြေညီထပ်ရှိ ဆိုင်များကို မေလ ၃ဝ ရက်နေ့များတွင် ပြောင်းရမည်ဟု ပြောသည်။
ပြည်တွင်းစျေးကွက်တွင် အရေးပါသော လက္ကားစျေးကြီးတွင် တနင်္လာနေ့ နံနက်မှ စတင်ပြီး နောက်နေ့အထိ မီးလောင်ကျွမ်းရာ စတုတ္တရာထပ်နှင့် ခေါင်မိုးထပ်မှ ဆိုင်ခန်းပေါင်း ၈၄၅ ခန်း မီးလောင်ပျက်စီး သွားခဲ့သည််ဟု မီးသတ်က ထုတ်ပြန်သည်။
ယခင်က ဆိုင်ခန်း ၄ဝဝဝ ခန့်ရှိ စျေးကို အကြီးစား ပြန်လည်မွမ်းမံမည်ဖြစ်ပြီး ကြားကာလတွင် ယာယီစျေးဖွင့်လှစ်ရန် ရန်ကုန် စည်ပင်သာယာရေး ကော်မတီက နေရာရှာဖွေလျက်ရှိသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ် တော်ဝင်ပလာဇာနှင့် တာမွေမြို့နယ်ရှိ တာမွေပလာဇာတို့တွင် ယာယီနေရာ ချထားပေးဖွယ် ရှိသည်ဟု စည်ပင် သတင်းရပ်ကွက်က ပြောသည်။
ဆိုင်ရှင်အများစုမှ ပစ္စည်းများ ပြန်လည်နေရာချထားရေး အခက်အခဲဖြစ်နေသည်။
”ကျမတို့မှာ ပြောင်းမယ့်နေရာ မရှိဘူး ဖြစ်နေတယ်။… တချို့ကတော့ တိုက်ခန်းတွေ ငှားနေကြရပြီ” ဟု တတိယထပ်တွင် လူသုံးကုန်ပစ္စည်း ရောင်းချနေသော ဆိုင်ရှင်တဦးက ပြောသည်။
မင်္ဂလာစျေးတွင် အလှကုန်ဆိုင် ၂ ဆိုင်နှင့် အထည်ဆိုင် တဆ်ိုင်ပိုင်သော ဆိုင်ရှင်တဦးက ”ပစ္စည်းတွေကို ပြောင်းမည့် ပြဿနာကို အရင်ဆုံး ရှင်းကြရမှာ ပါ ၊ ပြောင်းမယ့်နေရာ အခက်အခဲ ရှိနေတယ်” ဟု ပြောသည်။
မီးလောင်မှု ဖြစ်ပွားပြီးသည်နှင့် မင်္ဂလာစျေးနှင့်ကပ်လျက် ယုဇနပလာဇာရှိ စျေးဆိုင်ခန်းများ၏ ငှားရမ်းခများ ထိုးတက်သွားတော့သည်။ ယခင်က ၁ဝ ပေပတ်လည် ဆိုင်ခန်းအတွက် တလလျှင် ငွေကျပ် ၂ သိန်း ငှားရမ်းခရှိသော ဆိုင်ခန်းသည် ယခုအခါ ၃ သိန်းနီးပါး စျေးပေါက်နေသည်။
အလားတူပင် ဗိုလ်ချုပ်စျေးသစ် ရှိဆိုင်ခန်းများလည်း စျေးတက်သွားသည်။