မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်အပြီး မြစ်ကြီးနားမြို့တွင် အာဏာပိုင်များက ပိုက်စိတ်တိုက် ဖမ်းဆီးမှုများ ပြုလုပ်နေရာ ယမန်နေ့က အထိ လူငယ် ရ၀ ကျော် အဖမ်းခံထားရသည်ဟု ကချင်လူမှု အဖွဲ့တခုက ပြောသည်။
မေလ ၂၃ ရက်နေ့မှ ယမန်နေ့ကအထိ ဒုတိယအသုတ်အဖြစ် လူငယ် ၅၀ ကျော် အဖမ်းခံထားရပြီး ယခင်က ဖမ်းဆီးထားသူကလည်း ၂၀ ကျော်ရှိနေသည်ကို ရပ်ကွက် အာဏာပိုင်များမှတဆင့် သိရသည်ဟု မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်သော တရုတ်-မြန်မာနယ်စပ်အခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်ဝါက ပြောသည်။
အဖမ်းခံရသူအများသည် ကချင်လူငယ် ကျောင်းသားအဖွဲ့ Education and Economy Development for Youth (EEDY) မှ ဖြစ်ပြိီး အကြီးဆုံး ကချင်အဖွဲ့ဖြစ်သည့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လက်အောက်ခံ ဖြစ်သည်။
ဖမ်းဆီးမှု အကြောင်းရင်းကို စစ်အစိုးရက ထုတ်ပြန်ခြင်း မရှိသော်လည်း ဗုံးကွဲမှုဖြစ်ပွားပြီးနောက် ဖမ်းဆီးမှုဖြစ်၍ ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေးလိုခြင်း ဖြစ်မည်ဟု KIO အပါအဝင် ကချင် အဖွဲ့အစည်းများက ယူဆနေကြသည်။
ဧပြီလ ၁၇ ရက်နေ့က မေခ-မလိခ ပေါင်းစုံရာရှိ မြစ်ဆုံရေကာတာ တည်ဆောက်ရေး စီမံကိန်းတွင် အနည်းဆုံး ဗုံး ၁၀ လုံးပေါက်ကွဲခဲ့ရာ တရုတ် အလုပ်သမားတဦး ဒဏ်ရာ ရသွားခဲ့သည်။
KIO အတွင်းရေးမှူး ဒေါက်တာလဂျာက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် မေလ ၁၉ ရက်နေ့က မြစ်ကြီးနားရှိ မပခ ဌာနချုပ်သို့ သွားရောက်တွေ့ဆုံပြီး ဖမ်းဆီးထားသော ကချင်ကျောင်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
“အပြစ်မရှိဘူးဆိုရင် အမြန်လွှတ်ပေး။ အပြစ်ရှိတယ်ဆိုရင်လည်း ကျနော်တို့နဲ့ တွေ့ခွင့်ပေးဖို့။ နောက် ရှေ့နေလိုက်ခွင့်ပေးဖို့ ပြောထားတယ်။ မစစ်ဆေးဘဲနဲ့ ဖမ်းဆီးထားတာမျိုး မလုပ်ဘဲ အပြစ်ကျူးလွန် တယ်ဆိုရင် ဥပဒေအရေ ရင်ဆိုင်ဖို့ ခွင့်ပြုပေးပါလို့ပေါ့” ဟု KIO အရာရှိက ပြောသည်။
အမျိုးသားရေးကို အခြေခံ၍ EEDY ကျောင်းသားအဖွဲ့ကို ၂၀၀၃ ခုနှစ်၌ KIO က စတင် ဖွဲ့စည်းခဲ့ပြီး ဗိုလ်မှူးကြီး ဂွမ်မော်က ကွပ်ကဲသည်။
အဖွဲ့ဝင်များကို အခြေခံ စစ်သင်တန်း ပေးနေသည်မှာ အမှတ်စဉ် ရ ရှိပြီဖြစ်ရာ သင်တန်းဆင်း ကချင်လူငယ် စုစုပေါင်း ၂၀၀၀ ကျော် ရှိကြောင်း သိရသည်။
KIO အဖွဲ့သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံကြောင်း ငြင်းဆန်ထားရာ စစ်အစိုးရက ဖိအားပေးလို၍ လက်သည် မပေါ်သော ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းကို အကြောင်းရှာသည်ဟု အတိုက်အခံများက ဝေဖန်ကြသည်။
ရေအားလျှပ်စစ် မဂ္ဂါဝပ် ၃၆၀၀ ထုတ်လုပ်ပေးနိုင်မည့် အငြင်းပွားဖွယ်ရာ မြစ်ဆုံရေကာတာ စီမံကိန်းအား ၂၀၀၇ ခု နှစ်ဆန်းပိုင်းက စ၍ တရုတ်နိုင်ငံနှင့် မြန်မာအစိုးရတို့ သဘောတူ တည်ဆောက်နေကြသည်။
မေခနှင့် မလိခ မြစ်ဆုံရာ အောက်ဘက် ၃ ကီလိုမီတာခန့်တွင် တည်ဆောက်မည့် ရေကာတာကြောင့် လူ ၁ သောင်း ၅ ထောင် နေအိမ် ပြောင်းရွှေ့ရမည် ဖြစ်သည်။