နယ်စပ်တွင် စစ်စခန်းသစ်များ တိုးချဲ့

နယ်စပ်တွင် စစ်စခန်းသစ်များ တိုးချဲ့
by -
ငြိမ်းချမ်း
အနောက်ပိုင်းတို်င်းစစ်ဌာနချုပ်က နယ်စပ်တလျှောက် စစ်စခန်းသစ် ၁၅ ခုကို တိုးချဲ့ဆောက်လုပ်လျက်ရှိကြောင်း စစ်ဘက်နှင့် ဒေသခံများက ပြော...

အနောက်ပိုင်းတို်င်းစစ်ဌာနချုပ်က နယ်စပ်တလျှောက် စစ်စခန်းသစ် ၁၅ ခုကို တိုးချဲ့ဆောက်လုပ်လျက်ရှိကြောင်း စစ်ဘက်နှင့် ဒေသခံများက ပြောသည်။

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ ၃ နိုင်ငံ နယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ၈ ခုနှင့် ရခိုင်ပြည်နယ် ဘူသီးတောင်နှင့် မောင်တောမြို့များတွင် ရ ခု တည်ဆောက်မည့် အစီအစဉ်အရ ဆောက်လုပ်ရေး လုပ်ငန်းများ ဧပြီလကုန်ကတည်းက စတင်ခဲ့သည်ဟု စစ်ဘက်သတင်းရပ်ကွက်တခုက ပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ဆောက်လုပ်နေသော ”နယ်မြေစိုးမိုးရေး” စခန်းသစ်များမှာ  မြိတ်ဝ၊ နှုန်းဗူး၊ ချင်းလက်ဝ၊ စေတီတောင်၊ လောင်းရှိုင်၊ လဘဝ၊ တရွန်အိုင်၊ တိုးပီကျေးရွာများတွင် ဖြစ်သည်။

စစ်စခန်းတခုလျှင် ဟောခန်းသဖွယ် တဲကြီး တလုံးအပါ လူနေတဲ ၉ လုံးမှ ၁၅ အထိ ပါဝင်ပြီး စစ်သည်အင်အား ၂ဝ မှ ၅ဝ အထိ နေထိုင်ရန် စီစဉ်ထားသည်။

ယခုလကုန်တွင် အပြီးသတ်နိုင်မည့် နပခ ၏ စစ်စခန်းသစ် တည်ဆောက်မှုတွင် လုပ်အားပေးခိုင်းစေမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

“ကိုယ့်ထမင်းထုပ်နဲ့ ကိုယ်သွားရတာလေ။ ယောကျ်ားမရှိရင် မိန်းမပါ သွားရတယ်။ မနက်သွား ညနေပြန်ပေါ့။ အဲ့ဒီမှာ သစ်ခုတ်၊ ဝါးခုတ်၊ တဲဆောက်၊ မြေတူး စတာတွေကို လုပ်ရတယ်” ဟု နယ်စပ်သို့ ရောက်ရှိလာသော ချင်းလက်ဝ ရွာသားတဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ-အိန္ဒိယ ၃ နိုင်ငံနယ်စပ်တွင် လက်နက်ကိုင် စစ်အစိုးရ အတိုက်အခံအဖွဲ့များဖြစ်သော ရခိုင်ပြည် လွတ်မြောက်ရေးပါတီနှင့် ချင်းအမျိုးသားတပ်ဦးတို့ လှုပ်ရှားနေကြပြီး  အိန္ဒိယဗဟိုအစိုးရကို ပုန်ကန်နေသော United Liberation Front of Asom (ULFA) နှင့် National Socialist Council of Nagaland (NSCN) တို့ လှုပ်ရှားလျက်ရှိသည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီနှင့် စစ်အစိုးရတပ်များ ဖေဖော်ဝါရီလတွင်း ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

နပခ လက်အောက်တွင် စစ်သည်အင်အား ၁ဝဝဝဝ ကျော်ရှိပြီး ရခိုင်ပြည်နယ် အမ်းမြို့တွင် အခြေစိုက်ထားပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အထိ တာဝန်ယူထားသည်။