NLD က ကျပ်သိန်း ၄၀ ကျော် စက်ရေတွင်း ၂ တွင်း လှူဒါန်း

NLD က ကျပ်သိန်း ၄၀ ကျော် စက်ရေတွင်း ၂ တွင်း လှူဒါန်း
by -
ခိုင်စု
ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာတွင်် ကျပ်သိန်း ၄၀ ကျော် တန်ဖိုးရှိ စက်ရေတွင်း ၂ တွင်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယခုလ ၅ ရက်နေ့တွင် သွားရောက်...

နယူးဒေလီ (မဇ္စျိမ)။     ။ ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာတွင်် ကျပ်သိန်း ၄၀ ကျော် တန်ဖိုးရှိ စက်ရေတွင်း ၂ တွင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယခုလ ၅ ရက်နေ့တွင် သွားရောက် လှူဒါန်းခဲ့သည်။

မော်ကျွန်းမြို့နယ်ရှိ ဗြန့်ကြီမြစ်ကျိုးနှင့် မြောင်းသာ ကျေးရွာတို့တွင် သောက်ရေသန့်အတွက် လိုအပ်နေသဖြင့် စက်ရေတွင်း ၂ တွင်းအား သက်ဆိုင်ရာ ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း တူးဖော်ကာ အခမ်းအနားဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“တတွင်းကို သိန်း ၂၀ ကျော် ကျတဲ့ စက်ရေတွင်း ၂ တွင်းနဲ့အတူ ထိန်းသိမ်းဖို့ ရေကန်၊ မောင်းတင်ဖို့ ရေစုပ်စက်တို့ကို တပါထဲ လှူဒါန်းခဲ့တာပါ” ဟု NLD နာဂစ်ကော်မတီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

အခမ်းအနားသို့ ဥက္ကဋ္ဌ ဦးအုန်းကြိုင်နှင့် နာဂစ်ကော်မတီဝင်များဖြစ်သော ဦးကြည်ဝင်း၊ ဒေါ်မြင့်မြင့်စိန်၊ ဒေါ်လဲ့လဲ့၊ ဒေါ်ခင်ဋ္ဌေးကြွယ်နှင့် ကျောင်းထိုင် ဆရာတော်များ၊ ဒေသခံ ဦးရေ ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

စက်ရေတွင်း အလှူကို  ဘိုကလေးမြို့နယ်ရှိ  ရပ်ဖရုံနှင့် အောင်တေဇ ကျေးရွာများတွင်လည်း မကြာမီ သွားရောက်လှူဒါန်းရန် NLD က စီစဉ်ထားသည်။

“မကြာခင်မှာလည်း ဘိုကလေးမြို့နယ်မှာ ထပ်လှူဖို့ ရှိပါတယ်။ တခြားရွာတွေမှာလည်း လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ လိုအပ်ချက်ကြီးမားတဲ့ ရွာတွေလောက်ကိုပဲ လှူဒါန်းနိုင်သေးတာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။

ကျန်းမာရေးအတွက် အရေးကြီးသော သောက်ရေသန့် ရရှိရေးကို အကောင်အထည် ဖော်နေသော်လည်း အခြား ကဏ္ဍများဖြစ်သည့် ပညာရေးအတွက် ကျောင်းများနှင့် စိုက်ပျိုးလုပ်ငန်းများအတွက်  အရင်းအနှီးများ လိုအပ်နေသေးကြောင်း NLD က ပြောသည်။

နာဂစ်သင့်ဒေသ လေဘေးဒုက္ခသည်များ ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ၁၄၀၀ ကျော် သုံးစွဲခဲ့ပြီး ဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်း ဘိုကလေးနှင့် မော်ကျွန်းမြို့နယ်များတွင်  NLD က စက်ရေတွင်း ၆ တွင်း လှူဒါန်းပြီးဖြစ်ကြောင်း သိရသည်။

NLD  နာဂစ်ကူညီရေး ကော်မတီသည် ကော်မတီလုပ်ငန်းများနှင့် ပတ်သက်၍  ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ ယမန်နေ့ နေ့လည်ပိုင်းတွင် နောက်ဆုံးတင်ပြမှုများ ပြုလုပ်ခဲ့သည်။

ဦးအုန်းကြိုင်က “ကျနော်တို့က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရေတွင်းတူးဖော် လှူဒါန်းတာတွေ ပြီးသွားတဲ့အကြောင်း၊ နောက် လက်စသတ်ဖို့ကျန်တဲ့ ကိစ္စတခုနှစ်ခုကို လက်စသတ်မယ့်အကြောင်း တင်ပြပြီး သဘောတူညီမှု ရယူခဲ့တာပါ” ဟု ပြောသည်။

သောက်သုံးရေ ရရှိမှုနှင့် ပတ်သက်ပြီး ဘိုကလေးမြို့ပေါ်တွင် သောက်ရေကန် ရ ကန်ရှိပြီး မကြာမီ ကုန်ခန်းမည်ဟု သိရသည်။

“ဒီနှစ် နေလည်း အရမ်းပူတယ်။ ရေက တော်တော်ခန်းနေပြီ။ ဒီလနဲ့ ရှေ့လမှာ မိုးမရွာရင် ရေပြတ်ပြီ။ အခုရှိနေတဲ့ ရေတွေက မနှစ်က မိုးရေတွေကို လှောင်ထား တာလေ” ဟု ဘိုကလေးမြို့ အမှတ် ၄ ရက်ကွက်တွင် နေထိုင်သူတဦးက မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “ရွာတွေမှာဆိုလည်း ရေတွေခန်းနေပြီ။ တချို့ရွာဆို တခြားရွာသွားပြီး ရေခပ်ရတာတွေ ရှိတယ်။ အဝီစိတွင်းတူးလည်း သုံးဖို့တော့ ရတယ်။ ငန်နေလို့ ပြုတ်ပြီး သောက်တော့လည်း အဆီတွေ ကွက်နေတယ်လေ” ဟု ပြောသည်။

ယခုအခါ  ကျေးရွာများရှိ ရေခန်းသည့် ရေကန်အချို့တွင် ရွာသားများက ကန်ပြုပြင်ခြင်းများ ဆောင်ရွက်၍ မိုးရေလှောင်ရန် ပြင်ဆင်နေမှုများ ရှိနေကြောင်း သိရသည်။