ဆိုမာလီဓါးပြများ ပြန်ပေးဆွဲထားသော သင်္ဘောပေါ်ပါ မြန်မာ ၂၁ ဦး မကြာမီ လွတ်မြောက်လာဖွယ် ရှိသည်ဟု သင်္ဘောကုမ္ပဏီက ပြောကြားလိုက်သည်။
ဓားပြများကြီးစိုးရာ ဆိုမာလီဆိပ်ကမ်းမြို့ ဟာရက်ခ်ဟီရိကို ကို တနင်္ဂနွေနေ့က အစ္စလမ်စစ်သွေးကြွသူပုန်အဖွဲ့တခုဖြစ်သော ‘ ဟစ်ဇ်ဘူးလ်အစ္စလမ်’ က သိမ်းပိုက် လိုက်ပြီးနောက် တွေ့သမျှ နိုင်ငံခြားသားဓားစာခံအကုန်လုံးကို လွှတ်ပေးမည်ဆိုသော သတင်းထွက်ပေါ်လာပြီးနောက် အခုလို ပြောလိုက်ခြင်းလည်းဖြစ်သည်။
မြန်မာသင်္ဘောသားများသာပါရှိသော UTB Ocean သင်္ဘောမှာ အခြားနေရာသို့ ရွှေ့ပြောင်းခြင်း မရှိကြောင်းနှင့် သင်္ဘောသားများလွတ်မြောက်ရေး ညှိနှိုင်းမှုများလည်း ဆက်လက်လုပ်ဆောင်နေကြောင်း စင်္ကာပူအခြေစိုက် Ship Management Associates Pte Ltd ၏ ရန်ကုန်ရုံုးခွဲမှ ပြောရေးဆိုခွင့်ရှိသူ ကပ္ဗတိန် ဦးသတိုးကျော်က ပြောသည်။
“ရပ်ထားတာ က ဟာရာက်ခ်ဟီရိ ဆိပ်ကမ်းမှာရှိတဲ့ တံတားနားမှာပါ။ သင်္ဘော ဘယ်မှမရွှေ့ပါဘူး။” ဟု ဦးသတိုးကျော်က မဇ္စျိမကို ပြောသည်။
သင်္ဘောသားများအားလုံး ကျန်းမာရေးကောင်းမွန်ပြီး ယခင်သီတင်းပတ်ကအထိ မိသားစုများနှင့် တယ်လီဖုန်းအဆက်သွယ်ရှိခဲ့သည်ဟုလည်း ပြောသည်။
နော်ဝေးနိုင်ငံသားပိုင် UTB Ocean မှာ မတ်လ ၅ ရက်နေ့က ပြန်ပေးဆွဲခံရခြင်းဖြစ်သည်။
ဆိုမာလီတွင် ကုလသမဂ္ဂက အသိအမှတ်ပြုထားသော ကြားဖြတ်အစိုးရမှာ မြို့တော်နေရာအချို့ကိုသာ အုပ်စိုုးနိုင်ပြီး ထိထိရောက်ရောက်အုပ်ချုပ်နို်င်သော ဗဟိုအစိုးရတရပ်မရှိသည်မှာ နှစ် ၂ဝ ခန့် ကြာမြင့်ပြီဖြစ်သည်။