ဒေါ်စု နေအိမ်ပြင်ခွင့် ရပြီ

ဒေါ်စု နေအိမ်ပြင်ခွင့် ရပြီ
by -
မြင့်မောင်
အကိုဖြစ်သူ ဦးအောင်ဆန်းဦးက တားဝရမ်းထုတ်ခဲ့သဖြင့် နေအိမ်ပြုပြင်မှု ၄ လကျော် ရပ်ဆိုင်းခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အား မြို့တော်စည်ပင်က ပြင်ဆင်ခွင့် ပြန်လည် ခွင့်ပြု....

အကိုဖြစ်သူ ဦးအောင်ဆန်းဦးက တားဝရမ်းထုတ်ခဲ့သဖြင့် နေအိမ်ပြုပြင်မှု ၄ လကျော် ရပ်ဆိုင်းခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အား မြို့တော်စည်ပင်က ပြင်ဆင်ခွင့် ပြန်လည် ခွင့်ပြု လိုက်သည်။

အိမ်ပြင်ဆင်ရေး ကိုယ်စားလှယ် ဦးထင်ကျော်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယမန်နေ့က အမိန့်စာထုတ်ပေးလိုက်ခြင်းဖြစ်ရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ နေအိမ်ကို ဆက်လက်ပြင်ဆင်တော့မည်ဖြစ်သည်။

“အင်းယားကန်ဘက်က ဝင်းထရံတွေကို ဝါးကပ်တွေ ပြန်ကပ်တာ ပြီးသွားပါပြီ။ အလုပ်သမားတွေ စတင် အလုပ်လုပ်နိုင်ဖို့အတွက် သက်ဆိုင်ရာ လုံခြံုရေးကို တင်ပြ ထားပါတယ်။ အဲဒါကတော့ မရသေးဘူး။ ခေါင်မိုးတွေကတော့ ကြာပြီဆိုတော့ အက်ကွဲနေတဲ့အတွက် လဲရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ဦးထင်ကျော်နှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် အထူးရဲသတင်းတပ်ဖွဲ့ထံ စာရေးတင်ထားကြောင်း ပါတီ သတင်း ရပ်ကွက်က ပြောသည်။

၂ဝဝ၈ ခုနှစ် မေလဆန်းအတွင်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် နေအိမ်ခေါင်မိုး အုတ်ကြွတ်ပြားများ ကျိုးပဲ့ပျက်စီးခဲ့သဖြင့် မြို့တော်စည်ပင်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်မှစ၍ ယခုလအတွင်း အပြီးသတ် ပြုပြင်ရန် ခွင့်ပြုခဲ့သည်။

သို့သော် အိမ်အမွေဆိုင် အငြင်းပွားခဲ့သော ဦးအောင်ဆန်းဦးက သူ၏ ခွင့်ပြုချက် မပါရှိဘဲ ပြုပြင်သည်ဟုဆိုကာ စည်ပင်သို့ ကန့်ကွက်ရာမှ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အိမ်ပြင်မှု ရပ်နားခဲ့ရသည်။ ယခုလ ၆ ရက်နေ့တွင်မူ ဦးအောင်ဆန်းဦး၏ တားဝရမ်း လျှောက်ထားမှုအား တိုင်းတရားရုံးက ပယ်ချပစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်သည် ၁၉၆ဝ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မြန်မာဝန်ကြီးချုပ် ဦးနုက ကိုလိုနီ ခေတ်ကတည်းက တည်ဆောက်ခဲ့သည့် ယခုနေအိမ်ကို ပေးအပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သို့ ပြန်ရောက်လာသည့် ၁၉၈၈ ခုနှစ်ကတည်းက ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ယခုနေအိမ်၌ပင် နေထိုင်ခဲ့သည်။