ဗုံးထိတ်လန့်မှု ကုန်စည်ပြပွဲ လူဝင်နည်း

ဗုံးထိတ်လန့်မှု ကုန်စည်ပြပွဲ လူဝင်နည်း
by -
မျိုးသိဏ်း
လူမှုဘဝနှင့် နည်းပညာပြပွဲ ၂ဝ၁ဝ ကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ယမန်နေ့ကတည်းက စတင်ကျင်းပနေသော်လည်း ကုန်စည်ပြပွဲ ဖွင့်ပွဲနေ့တွင် လာရောက် ကြည့်ရှုသူ ကျိုးတိုးကျဲတဲသာ ရှိခဲ့ပြီး ယခုနှစ်အတွင်း ကျင်းပခဲ့သည့် ကုန်စည်ပြပွဲများနှင့် နှိုင်းယှဉ်ပါက ပရိသတ် အဆမတန် ကျဆင်း....

လူမှုဘဝနှင့် နည်းပညာပြပွဲ ၂ဝ၁ဝ ကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ယမန်နေ့ကတည်းက စတင်ကျင်းပနေသော်လည်း ကုန်စည်ပြပွဲ ဖွင့်ပွဲနေ့တွင် လာရောက် ကြည့်ရှုသူ ကျိုးတိုးကျဲတဲသာ ရှိခဲ့ပြီး ယခုနှစ်အတွင်း ကျင်းပခဲ့သည့် ကုန်စည်ပြပွဲများနှင့် နှိုင်းယှဉ်ပါက ပရိသတ် အဆမတန် ကျဆင်းသွားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေနှင့် ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သော Lifestyle & IT 2010 အမည်ရှိ ၄ ရက်ကြာ ကျင်းပမည့် ပြပွဲဖွင့်ပွဲရက်ဖြစ်သည့် ယမန်နေ့က ပရိသတ် တသောင်းခန့်သာ လာရောက်ခဲ့သည်။ ယခင်ပွဲများတွင် တရက်လျှင် ပရိသတ် အနည်းဆုံး ၅ သောင်း လာရောက်ခဲ့ကြသည်။

''လုံခြံုရေးနဲ့ပတ်သက်ပြီးလည်း သေချာချာချာ စီစဉ်ထားပါတယ်။ ဗုံးကိစ္စ လောလောလတ်လတ် ဖြစ်ထားတော့ စိုးရိမ်နေကြတယ် ထင်တယ်။ ဖွင့်ပွဲရက်မှာကို တော်တော် လေးကို လူဝင်နည်းတယ်" ဟု ပြပွဲစီစဉ်သူဖြစ်သည့် Milky Way International Co., Ltd မှ ဝန်ထမ်းတဦးက ပြောသည်။

ပြပွဲတွင် အိုင်တီပြခန်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ပရိဘောဂ၊ အဝတ်အထည်၊ အစားအသောက်နှင့် အခြား လူသုံးကုန်ပစ္စည်းများကို ကုမ္ပဏီပေါင်း ၅ဝ ကျော်က ပြခန်း ၁ဝဝ ကျော် ပြသရောင်းချခဲ့သည်။

လာရောက်ကြည့်ရှုသူ နည်းပါးခြင်းကြောင့် တွက်ချေမကိုက်ကြောင်း ကုမ္ပဏီအားလုံးလိုလိုက ပြောဆိုသည်။

"ဗုံးကိစ္စကြောင့် လူစုလူဝေးရှိတဲ့ နေရာတွေကို လူတွေမလာကြတာလို့ ထင်တာပဲ။ နောက်တခုက ရာသီဥတု အရမ်းပူနေတာကြောင့် လူတွေ အပြင်မထွက်ကြတာလည်း ဖြစ်နိုင်တယ်" ဟု  နာမည်ရ ကွန်ပြူတာပစ္စည်း ကိုယ်စားလှယ် ကုမ္ပဏီကြီးတခုက ဆိုသည်။

Lifestyle & IT 2010 ပြပွဲသို့ လာရောက်သူအများစုမှာ မော်ဒယ်များ၊ အကအဖွဲ့များဖြင့် တင်ဆက်သည့် ဖျော်ဖြေရေးတပိုင်း ကုန်စည်ကြော်ငြာအစီအစဉ်များကိုသာ စိတ်ဝင်စားကြသည်။

ပြပွဲပထမနေ့တွင် ဒီဗီဒီ၊ တီဗီ စသော အီလက်ထရွန်းနစ် ပစ္စည်းများနှင့် အလှကုန်၊ အိမ်သုံးကုန် တန်ဖိုးနည်း ပစ္စည်းများ အနည်းငယ် ရောင်းရသည်။

ခန်းမရှေ့တွင် စားသောက်ဆိုင်ခန်း ဖွင့်လှစ်ရောင်းချသူ အမျိုးသမီးတဦးက "၄ ရက်စာအတွက် ၂ သိန်းနဲ့ ဆိုင်ခန်းငှားလိုက်တာ။ အခုညနေ ပိတ်ခါနီးအထိ ၃ သောင်းလောက်ပဲ ရောင်းရသေးတယ်။ လူက မနက်ကတည်းက နည်းနည်းပါးပါးပဲ။ ဒီနေ့ပုံစံအတိုင်းဆို ရှုံးမှာပဲ" ဟု ဆိုသည်။

Most read this week