ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်အတူ ဝန်ကြီး ၂၂ ဦးသည် စစ်ဘက်ရာထူးများကို ယခုလ ၂၆ ရက်နေ့မှ စတင်၍ စွန့်လွှတ် လိုက်ကြသည်။
ဝန်ကြီးချုပ် အပါအဝင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ဋ္ဌေးဦး (ကြံ့ဖွံ့ အထွေထွေ အတွင်းရေးမှူး)၊ ရထားပို့ဆောင်ရေးဝန်ကြီး ဗိုလ်ချုပ်အောင်မင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ်တင်နိုင်သိန်း၊ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်၊ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ဘုန်းဆွေတို့ အဆိုပါ အစုအဖွဲ့တွင် ပါဝင်သည်ဟု မဇ္ဈိမက စုံစမ်းသိရှိထားသည်။
ယခုသတင်းကို စစ်အစိုးရက ကြေညာခြင်း မရှိသော်လည်း ယနေ့ထုတ် သတင်းစာများတွင် ဝန်ကြီးချုပ် ဦးသိန်းစိန်ဟု စတင်အသုံးပြုလာသည်ကို တွေ့ရသည်။
အတိုက်အခံများနှင့် လေ့လာသူများက ရွေးကောက်ပွဲဝင်ရန် ခြေလှမ်းတခုအဖြစ် သုံးသပ်လိုက်ကြပြီး ရွေးကောက်ပွဲ မဲဆွယ်မှုများကို မကြာခင်တွင် ပေါ်ပေါ်ထင်ထင် လုပ်လာကြလိမ့်မည်ဟု ဆိုသည်။
ကျန်ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ ပါဝင်သော နောက်တသုတ်လည်း စစ်ဘက်ရာထူးမှ နုတ်ထွက်မှု ရှိလာလိမ့်မည်ဟုလည်း စစ်ဘက်သတင်းရပ်ကွက်တခုက ပြောသည်။
၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ပါဝင်မည်ဖြစ်သည်။
စစ်သားများက အရပ်ဘက်သို့ ပြောင်းလိုက်လျှင် စစ်ဘက်ကိုယ်စားလှယ် ကဏ္ဍအောက်မှ မဟုတ်သောကြောင့် စစ်အစိုးရအတွက် ပါလီမန်တွင် နေရာများ ပိုမိုရရှိလာမည်ဖြစ်သည်။