အပစ်ရပ် ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - ငြိမ်းချမ်းရေး ကောင်စီက စစ်အစိုးရ၏ ရာဇသံဖြစ်သော နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေး အဆိုပြုချက်အား ငြင်းဆန်လိုက်ပြီး၊ စစ်အစိုးရသည် အပစ်အခတ်ရပ် သဘောတူညီချက်များကို လိုက်နာခြင်းမရှိဟု ပြောဆိုလိုက်သည်။
စစ်ဘက်ဆိုင်ရာ လုံခြံုရေးတပ်ဖွဲ့ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲဲမြင့် ထံသို့ ပေးပို့သော စာတွင် (KNU/KNLA) Peace Council ငြိမ်းချမ်းရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဋ္ဌေးမောင်က ၎င်းတို့အင်အားစုသည် မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံကြောင်း ရေးသားထားသည်။
မဇ္စျိမက လက်ခံရရှိသည့် အဆိုပါ ပေးစာမိတ္ထူတွင် ယခုလ ရ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့တွင် နှစ်ဖက်ဆွေးနွေးခဲ့စဉ်က ဒုဗိုလ်ချုပ်ကြီးရဲမြင့် တောင်းဆိုခဲ့သော နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအား ပယ်ချခဲ့ကြောင်း ရေးသားထားသည်။
ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် (KNU/KNLA) Peace Council မှ ကိုယ်စားလှယ်များနှင့် ယခုလ ရ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်းနှင့် အဖွဲ့အား အသွင်ပြောင်းရန် အဆိုပြုခဲ့ကာ တုံ့ပြန်ဖြေကြားရမည့် နောက်ဆုံးရက်ကို ယခုလ ၂၂ ရက်နေ့ဟု သတ်မှတ်ထားခဲ့ကြောင်း ပေးစာမိတ္ထူအရ သိရသည်။
(KNU/KNLA) Peace Council သည် စစ်အစိုးရအား နှစ်ပေါင်း ၆ဝ ခန့် တိုက်ခိုက်ခဲ့သည့် ကရင်လက်နက်ကိုင် KNU အဖွဲ့၏ တပ်မဟာ ရ မှ ဖြစ်ပြီး၊ ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုကာ KNU မှ ခွဲထွက်ခဲ့သည်။ ယခုအခါ ဗိုလ်ချုပ်ဋ္ဌေးမောင်က စစ်အစိုးရသည် သဘောတူညီချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့ကြောင်း ပြောဆိုသည်။
ဗိုလ်ချုပ်ဌေးမောင်က ၎င်းတို့သည် စစ်ရေးနှင့်ပတ်သက်သော အစီအစဉ်မှန်သမျှကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပြီး ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းလိုကြောင်း ပြောသည်။ ထို့နောက် စစ်အစိုးရသည် ငြိမ်းချမ်းရေး သဘောတူညီချက်များအား ချိုးဖောက်ကာ စစ်ရေးနှင့်ပတ်သက်သော ဆောင်ရွက်ချက်များ ဆက်လက်၍ တိုးမြှင့်လုပ်ဆောင်နေသည်ဟုလည်း စွပ်စွဲလိုက်သည်။
ငြိမ်းချမ်းရေးစာချုပ်ထဲတွင် နှစ်ဖက်လုံးမှ စစ်ရေးနှင့်ပတ်သက်သော လှှုပ်ရှားမှှုများအား တိုးမြှင့်လုပ်ဆောင်ခြင်း မပြုလုပ်ရဟု ပါရှိသော်လည်း ငြိမ်းချမ်းရေးယူပြီး ၃ နှစ်အတွင်း ကရင်လူမျိုးများအပေါ် မိမိဒေသတွင် နေထိုင်ရရုံအတွက် အိမ်ယာများ ဆောက်လုပ်ပေးခြင်းနှင့် လမ်းဖောက်လုပ်ပေးခြင်းမှအပ စာချုပ်ပါ အချက်များအား စစ်အစိုးရက မလိုက်နာကြောင်း ဗိုလ်ချုပ်ဋ္ဌေးမောင်၏ ပေးစာထဲတွင် ဆိုထားသည်။
ဗိုလ်ဋ္ဌေးမောင်အဖွဲ့နှင့် တိုက်ရိုက်ဆက်သွယ်၍ မရသဖြင့် ယခုပေးစာအား အစစ်အမှန် ဟုတ်မဟုတ် မသိရသော်လည်း နီးစပ်သူများက အစစ်အမှန် ဖြစ်လောက်သည်ဟု ပြောဆိုကြသည်။
မော်လမြိုင် ဆွေးနွေးပွဲတွင် စစ်အစိုးရဘက်က (KNU/KNLA) Peace Council အား ယခုလ ၂၂ ရက်နေ့ နောက်ဆုံးထား၍ ၎င်းတို့၏ အဆိုပြုချက်အား တုံ့ပြန် ဖြေကြားခြင်း မပြုခဲ့လျှင် မတရားအသင်း ကြေညာမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။
ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် စစ်အင်အား မတိုးချဲ့ရန်၊ မည်သည့် တိုင်းရင်းသား အင်အားစုနှင့်မှ မဆက်သွယ်ရန်၊ KNU နှင့် တွေ့ဆုံဆွေးနွေးခြင်း မပြုရန်၊ ထိုင်းနိုင်ငံနှင့် အဆက်အသွယ် မှန်သမျှ ဖြတ်တောက်ရန်နှင့် ထိုအဖွဲ့အစည်းများအား မယုံကြည်ရန် သတိပေးခဲ့သေးသည်။
ဗိုလ်ချုပ်ဋ္ဌေးမောင်က ဖြေကြားရာတွင် “ကရင်လူမျိုးတွေရဲ့ ဘဝလုံခြံုရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် စစ်ရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်မှှုမျိုးဆိုရင် ဘယ်နာမည်နဲ့ပဲ လာလာ ကျနော်တို့ သဘောတူမှာ မဟုတ်ပါဘူး” ဟု တုံ့ပြန်ဖြေကြားခဲ့သည်။
(KNU/KNLA) Peace Council အနေနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များကို လိုက်နာခဲ့သော်လည်း စစ်အစိုးရဘက်ကမူ လွန်ခဲ့သော ၃ နှစ်အတွင်း လိုက်နာခြင်း မရှိဘဲ ကရင်လူမျိုးအချင်းချင်း စိတ်ဝမ်းကွဲ၍ အချင်းချင်း သတ်ဖြတ်ကာ ထောင်နှင့်ချီ၍ သေဆုံးစေမည့် သွေးထိုးမှှုမျိုး၊ စစ်ရေးနှင့်ပတ်သက်သော လှှုပ်ရှားမှှုမျိုးကိုသာ တိုးမြှင့်လုပ်ဆောင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
လူအများအပြားသည် စစ်အစိုးရ၏ စစ်ရေးနှင့်ပတ်သက်သော အစီအစဉ်များကို စိုးရိမ်ထိတ်လန့်ကာ မလုံမခြံု ခံစားလာရသဖြင့် ၎င်းတို့လုံခြံုရေးအတွက် (KNU/KNLA) Peace Council ထံသို့ လာရောက်ပူးပေါင်းရန် စိတ်ကူးလာကြသည်ဟု ဆက်လက်ပြောကြားခဲ့သည်။
“တကယ်လို့ ဒီလိုအခြေအနေတွေကြောင့် ကျနော်တို့ တပ်ဖွဲ့အင်အား ကောင်းလာတယ်ဆိုရင်တောင် ကျနော်တို့ကြောင့် မဟုတ်ပါဘူး။ ခင်ဗျားတို့ (စစ်အစိုးရ) ရဲ့ စစ်ရေး အစီအစဉ်တွေကြောင့်ပဲ ဖြစ်လိမ့်မယ်” ဟု ဗိုလ်ချုပ်ဋ္ဌေးမောင်က ပြောဆိုခဲ့သည်။
KNU နှင့် တွေ့ဆုံဆွေးနွေးမှှု မပြုလုပ်ရန် စစ်အစိုးရ၏ ဖိအားပေးမှှုနှင့်ပတ်သက်၍ တုံ့ပြန်ရာတွင်မူ “ကျနော်တို့ ကရင်အားလုံးဟာ မိသားစုတခုလိုပါပဲ။ KNU ဆိုတဲ့ ထီးရိပ်ရဲ့အောက်မှာ ကရင်လူမျိုးတွေ စည်လုံးညီညွတ်ရေးဟာ အရေးအကြီးဆုံးပါ။ ကျနော်တို့ အချင်းချင်းကြားမှာ စည်းလုံးညီညွတ်ခြင်းကသာ တနိုင်ငံလုံး စည်းလုံးညီညွတ်ရေးကို ဦးတည်စေမှာပါ။ ကျနော်တို့အဖွဲ့မှာ ရန်သူမရှိပါဘူး” ဟု ဆိုသည်။
အစောပိုင်းကတည်းက နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် စစ်အစိုးရက ဖိအားပေးခဲ့သော်လည်း ငြိမ်းချမ်းရေး ကောင်စီကမူ ငြင်းဆန်နေခဲ့သည်။
KNU သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် တိုက်ပွဲဝင်နေသည့် ကရင်တိုင်းရင်းသားများအား ကိုယ်စားပြုသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် သက်တမ်း အရင့်ဆုံး အစိုးရဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့လည်း ဖြစ်သည်။ သို့သော် တိုးတက်သော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ အစည်းအရုံး - DKBA သည် ၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်ကာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူသွားခဲ့သဖြင့် KNU အတွက် အထိနာခဲ့ရသည်။
ထို့နောက်ပိုင်း ဗိုလ်ချုပ်ဋ္ဌေးမောင် ဦးစီးသည့် (KNU/KNLA) Peace Council သည် KNU မှ ထပ်မံ ခွဲထွက်သွားသဖြင့် KNU မှာ ပိုမို၍ပင် အင်အားနည်းသွားခဲ့ရသည်။
စစ်အစိုးရသည် လွန်ခဲ့သော နှစ်များကတည်းက အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့များအား မြန်မာစစ်တပ်၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရန် ဖိအားပေးခဲ့ပြီး၊ ထိုအင်အားစုများအား ယခုနှစ်ထဲတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ရန်လည်း တိုက်တွန်းခဲ့သည်။
အင်အားအနည်းငယ်သာရှိသည့် DKBA က စစ်အစိုးရ၏ ကမ်းလှမ်းအဆိုပြုချက်ကို သဘောတူညီခဲ့သော်လည်း ကချင် လွတ်မြောက်ရေး တပ်မတော် - KIA ၊ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA နှင့် KNU/KNLA Peace Council စသည့် အဓိက အပစ်ရပ်အဖွဲ့များက ပယ်ချခဲ့ကြသည်။
ဗိုလ်ချုပ်ဋ္ဌေးမောင်က ဒုဗိုလ်ချုပ်ကြီးရဲဲမြင့်ထံသို့ ပေးပို့သောစာတွင် ယနေ့ မြန်မာနိုင်ငံ၌ လိုအပ်နေသည်မှာ နောက်ထပ် စစ်ရေးလုပ်ဆောင်မှှုများ မဟုတ်ဘဲ၊ ငြိမ်းချမ်းရေး နှင့် ဖွ့ံဖြိုးတိုးတက်မှှုများကိုသာ အဓိက လိုအပ်နေကြောင်းနှင့် လာမည့်ရွေးကောက်ပွဲကိုလည်း အလုံးစုံပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်လာစေရန် တိုက်တွန်းထားသည်။
ဗိုလ်ချုပ်ဋ္ဌေးမောင်က အကယ်၍ ၎င်းတို့အနေနှင့် စစ်အစိုးရ ကမ်းလှမ်းချက်ကို ပယ်ချသဖြင့် မတရားအသင်း ကြေညာခံရလျှင် စစ်ကြေညာသကဲ့သို့ ဖြစ်သွားကာ စစ်အစိုးရအနေဖြင့် ၎င်းတို့တဖွဲ့တည်းနှင့် ရင်ဆိုင်ရခြင်းမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံ၏ နေရာဒေသပေါင်းစုံမှ တိုင်းရင်းသား ပေါင်းစုံနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ပြောကြား ခဲ့သည်။
“ကျနော့် စကားကို မှတ်ထားပါ။ ဘယ်သူက နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှှုကို ဖျက်ဆီးနေတာလဲဆိုတာ တကမ္ဘာလုံးက သိပါလိမ့်မယ်။ ခင်ဗျားတို့ကသာ စစ်ကို ဖိတ်ခေါ်နေတဲ့သူတွေ ဖြစ်သွားလိမ့်မယ်” ဟု ဗိုလ်ချုပ်ဋ္ဌေးမောင်က ပြောသည်။