ပြည်ပတင်နိုင်သော သီးနှံများ စိုက်ပျိုးရန် လိုအပ်ဟု ဝ' ပါတီ ပြော

ပြည်ပတင်နိုင်သော သီးနှံများ စိုက်ပျိုးရန် လိုအပ်ဟု ဝ' ပါတီ ပြော
by -
ဖနိဒါ
ဘိန်းအစားထိုးသီးနှံစီမံကိန်း အောင်မြင်မှု မရသော ဝ' နယ်မြေတွင် ပြည်ပစျေးကွက်ကို အားထားသော သီးနှံများစိုက်ပျိုးရန် လိုသည်ဟု ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်မည့် ဝ' တိုင်းရင်းသား ပါတီတခုက....

ဘိန်းအစားထိုးသီးနှံစီမံကိန်း အောင်မြင်မှု မရသော ဝ' နယ်မြေတွင် ပြည်ပစျေးကွက်ကို အားထားသော သီးနှံများစိုက်ပျိုးရန် လိုသည်ဟု ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်မည့် ဝ' တိုင်းရင်းသား ပါတီတခုက ပြောဆိုလိုက်သည်။

“ကျနော်တို့ နယ်မြေက ဘိန်းတခု ဖြစ်ထွန်းတယ်။ ဘိန်းအစားထိုးသီးနှံ တခုမှ အောင်မြင်မှု မရသေးဘူး။ ဒါကြောင့် တောင်သူလယ်သမားတွေ နာလန်ထူနိုင်အောင်၊ ဘဝမြှင့်တင်ပေးနိုင်မှ ဖြစ်မယ်။ ပြည်ပစျေးကွက်စီးပွားရေး အကျိုးရှိမရှိ ချိန်ထိုးပြီးတော့ နယ်မြေသဘာဝနဲ့ ကိုက်ညီတဲ့ မျိုးတွေကို ဖြန့်ဝေစိုက်ပျိုးပြီးတော့ ထွက်လာတဲ့အခါမှာ ပြည်ပတင်ပို့ဖို့ ဖြစ်တယ်” ဟု ဝ' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ နာယက ဦးဖီးလစ်ဆမ်က မဇ္ဈိမကို ပြောသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှ ကျန်ခဲ့သော  ”ဝ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ” အဖြစ်မှ ”ဝ အမျုုိးသား စည်းလုံးညီညွတ်ရေးပါတီ” သို့ အမည်ပြောင်းလဲကာ ယခင်ပါတီဝင် ၅ ဦးနှင့် လူသစ် ၁ဝ ဦး ထပ်မံဖြည့်ထားကာ ယခုသီတင်းပတ်အတွင်း နေပြည်တော်သို့ သွားရောက်၍ မှတ်ပုံတင်မည်ဖြစ်သည်။

ပါတီအနေဖြင့် ပြည်ပမှ ကျွမ်းကျင်သော စိုက်ပျိုးရေးပညာရှင်များ၏ အကြံဉာဏ်ယူ၍ စမ်းသပ်စိုက်ပျိုးမှုများပြုပြီး ပြည်ပသို့ သီးနှံများ ပို့ကုန်လုပ်ချင်သည်ဟု ဆိုသည်။

ပါတီဦးဆောင်သူများမှာ နိုင်ငံရေးကျွမ်းကျင်သူများ မပါဝင်ဘဲ တောင်သူလယ်သမား၊ ကုန်သည် အများဆုံး ပါဝင်သည်ဟု သိရသည်။

ပါတီ နာယက ဦးဖီးလစ်ဆမ်၊ ဥက္ကဋ္ဌအဖြစ် ဦးလုပ်ပေါင်အား လျာထား၍ ဦးညီပလုပ်က အတွင်းရေးမှူးဖြစ်ကာ ဦးဆမ်ဆောင်းကား၊ ဦးဆန်နပ်နှင့် ဦးကာလူစုလူးတို့က ကော်မတီဝင်များ ဖြစ်ကြသည်။

“တိုင်းရင်းသားအရေးကိစ္စတွေ တတ်စွမ်းသမျှ အကြံပေး ကူညီပံ့ပိုးပြီး ဆွေးနွေးနိုင်ဖို့၊ အခွင့်အရေးတွေ ရဖို့ပါ။ ပါတီသစ်အနေနဲ့ တင်မှာပါ။” ဟု မှတ်ပုံတင်ရန် သွားရောက်မည့် ဦးညီပလုပ်က ပြောသည်။

၁၄ နှစ်ကြာသော ဖွဲ့စည်းပုံမူကြမ်း ရေးဆွဲရာတွင် ပါဝင်ခဲ့သော်လည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းရင်းသားများအတွက် အခွင့်အရေး အာမခံချက် မရှိဆိုသည်ကိုမူ သူက ဝန်ခံပြောဆိုသည်။

ဝ' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီကို လားရှိုးမြို့၌ အခြေစိုက်ပြီး ဝ' ပြည်သူအများစု နေထိုင်သည့် ဝ' ပြည်နယ်တွင် မဲဆန္ဒနယ်ပေါင်း ၆ မြို့နယ်ရှိရာမှ  ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်၊ တန်ယန်း၊ ကျိုင်းတုံ စသည့် မြို့နယ် ၃ နေရာတွင် ဝင်ပြိုင်မည်ဟု သိရသည်။

“ဆိုရှယ်ဒီမိုကရက်၊ အစွန်းနှစ်ဖက်လွတ်တဲ့ ပေါ်လစီကို စောင့်ကြည့်တယ်။ ဟိုဘက်ဒီဘက်ကောင်းတဲ့ ဟာကို ယူမယ်၊ သုံးမယ်၊ ကျင့်သုံးမယ်၊ အကောင်အထည် ဖော်မယ်။ အဲဒါ ကောင်းမကောင်းကို ဘယ်မှာ ဆုံးဖြတ်ရမလဲဆိုတော့ ကိုယ့်နိုင်ငံသား၊ ကိုယ့်နယ်မြေဒေသ၊ နယ်မြေသဘာဝ၊ ထုံးတမ်းစဉ်လာအရ အကျိုးပြုတယ်ဆိုရင် ယူရမှာပေါ့။ ကွန်မြူနစ်ဝါဒနဲ့ အရင်းရှင်ဝါဒပေါ့ကွာ၊ အစွန်းနှစ်ဖက်လွတ်တဲ့ ဝါဒပေါ့နော်” ဟု ပါတီနာယက ဦးဖီးလစ်ဆမ်က ပြောသည်။

ဝ' ပြည်နယ်တွင် စီးပွားရေးအရ ဖွံ့ဖြိုးသော်လည်း ဝ' ပြည်သူလူထု ရသင့်ရထိုက်သည့် အခွင့်အရေးများ မရရှိသေးသည့်အပြင် ပညာရေး၊ ကျန်းမာရေး အခန်းကဏ္ဍတွင် များစွာလိုအပ်နေသေးကြောင်း ဆက်ပြောသည်။

ထို့အပြင် ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ကလည်း တိုင်းရင်းသား တန်းတူအခွင့်အရေး မရမချင်း၊ မရှိမချင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြင်းဆိုမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည့် အပါအဝင် အားလုံးပါဝင်သည့် ရွေးကောက်ပွဲ ဖြစ်သင့်ကြောင်း သူက ပြောဆိုသည်။

ဝ' အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီကို ၁၉၈၉ ခုနှစ်၌ မှတ်ပုံတင်ခဲ့ပြီး ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ၌ ဟိုပန်၊ တန်ယန်း ၂ နေရာနှင့် ကျိုင်းတုံ မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်ခဲ့သော်လည်း အမတ်နေရာ တနေရာမှ မရရှိခဲ့ပေ။ ပါတီဟောင်းမှ ဦးဆောင်အဖွဲ့ဝင်များမှာ ကွယ်လွန်သွားခဲ့သူများရှိ၍ လူသစ်များဖြင့် အစားထိုးခဲ့သည်။

ပါတီအမည်သစ် ပြောင်းလဲ၍ ဆက်လက်ရပ်တည်လိုကြောင်း နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ယခုလ ၂၂ ရက်နေ့က လျှောက်ထားရာ လက်မခံဘဲ ပါတီအသစ်အနေဖြင့် လျှောက်နိုင်ကြောင်း အကြောင်းပြန်သည်ဟု ပါတီအသစ် ဥက္ကဋ္ဌ ဦးလုပ်ပေါင်က ပြောသည်။

၁၉၉ဝ ခုနှစ်တွင် ရွေးကောက်ပွဲဝင်ခဲ့ဖူးသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေးအဖွဲ့၊ လားဟူအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်တို့သည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လိုကြောင်း လျှောက်ထားကြပြီးဖြစ်သည်။

ယမန်နေ့အထိ နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့် လျှောက်ထားသော စုစုပေါင်း ၂၁ ပါတီတွင် ကချင်၊ ကယန်း၊ ကရင် ၂ ဖွဲ့၊ ပအိုဝ့်၊ ချင်း ၂ဖွဲ့၊ မြို ခေါ် ခမီ၊ ရှမ်း၊ ပလောင်၊ ဝ’ ၊ တအောင်း (ပလောင်) စသည့် တိုင်းရင်းသားပါတီ ၁၃ ပါတီ ဖြစ်သည်။

Most read this week