ဥရောပသမဂ္ဂက မြန်မာနိုင်ငံ ပိတ်ဆို့အရေးယူဒဏ်ခတ်မှုကို တနှစ်ထပ်တိုးလိုက်ခြင်းအား ကြိုဆို သော်လည်း အားမရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သူ ဦးဝင်းတင်က ပြောသည်။
“ဆထက်တံပိုး တိုးပြီးတော့ ဖိအားပေးတာ လိုချင်တယ်လို့ ကျနော်တို့က ပြောနေတဲ့အချိန်မှာ တဘက်က သူတို့ (အာဏာပိုင်) နဲ့ သွားဆွေးနွေးမယ်ဆိုတော့ ကျနော်တို့ အားမလို အားမရ ဖြစ်ရတယ် ” ဟု ဗဟိုအလုပ်မှုဆောင်ဖြစ်သူ ဦးဝင်းတင်က ပြောသည်။
မြန်မာ့နိုင်ငံရေးနှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်မှု မရှိသဖြင့် ပိတ်ဆို့မှုများကို တနှစ် ထပ်တိုးကြောင်း လူဇင်ဘတ်နိုင်ငံတွင် ယမန်နေ့က EU နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းဝေး ဆုံးဖြတ်ချက်များထဲ၌ စစ်အစိုးရနှင့် တွေ့ဆုံရန် ကိုယ်စားလှယ်တဖွဲ့ စေလွှတ်ရေးလည်း ပါဝင်သည်။
အနောက်နိုင်ငံများ အနေဖြင့် ဗီဒိုအာဏာပိုင် တရုတ်၊ ရုရှ ကဲ့သို့ နိုင်ငံကြီးများကို စည်းရုံးချဉ်းကပ် ၍ လုံခြံုရေးကောင်စီမှတဆင့် နိုင်ငံတကာ လက်နက်ပိတ်ဆို့မှု၊ ပြင်းထန် သည့် သံတမန်ရေး ဖိအား ပေးမှုများ ဆောင်ရွက်စေလိုသည်ဟု ဦးဝင်းတင်က ပြောသည်။
EU က ၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ လက်နက်မတင်ပို့ရန်၊ စစ်အစိုးရအဖွဲ့ဝင်များနှင့် မိသားစု များ၊ သူတို့နှင့် နီးစပ်သည့် အင်အားစုများအား ပြည်ဝင်ခွင့်ပိတ်ခြင်း၊ လူသားချင်းစာနာမှု အထောက်အကူမှလွဲ၍ အခြားအကူအညီများကို ရပ်ဆဲထားခြင်း၊ စစ်အစိုးရအရာရှိကြီးများ၏ ပြည်ပဘဏ်စာရင်းများကို ထိန်းချုပ်ခြင်း၊ သံတမန် ဆက်ဆံရေး ကန့်သတ်ခြင်း တို့ကို ချမှတ်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်အား တရားဆွဲဆို၍ ပြစ်ဒဏ်ချမှတ်ခဲ့သည့် တရားသူကြီးများကိုလည်း ပိတ်ဆို့မှုများတွင် ယမန်နှစ်က ထည့်သွင်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိ လွှတ်ပေးရန်လည်း EU က တောင်းဆိုထားသည်။
အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများအား ၂ဝဝ၆ ခုမှစ၍ ယခုအထိ ဆန့်ကျင်လှုပ်ရှားနေသည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ ဥက္ကဌ ဦးအေးလွင်ကမူ EU ၏ ပိတ်ဆို့မှုသည် လက်တွေ့မကျဟုဆိုသည်။
“ဒီမိုကရေစီဘက်ကို သွားနေတဲ့ အချိန်မှာ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခွင့်အလမ်းတွေကို အသိမှတ်ပြုမှု မရှိတဲ့ လုပ်ဟန်တခုလို့ပဲ ပြောပါမယ်” ဟု သူက မဇ္စျိမကို ပြောသည်။
EU ၏ ထုတ်ပြန်ချက်တွင် နအဖ၏ ဥပဒေများအရ ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိမည် မဟုတ်ကြောင်း ထည့်သွင်းထားခြင်းသည် (NLD နှင့် အဖျက်သိမ်းခံ တိုင်းရင်းသားပါတီများ) ၏ လိုလားချက်နှင့် မညီသောကြောင့် ယင်းသို့ပြောခြင်း ဖြစ်သည်ဟုလည်း သူက သုံးသပ်သည်။
ပိတ်ဆို့မှုများသည် စစ်အစိုးရကိုသာမက ပြည်သူများကိုလည်း ထိခိုက်နေပြီး မြန်မာနိုင်ငံနှင့် ပြည်သူများအပေါ် စာနာကြောင်း ပြသရာရောက်စေရန် ပိတ်ဆို့မှုများကို အမြန်ရုတ်သိမ်းပေးသင့်သည် ဟုလည်း ဆက်ပြောသည်။
“ထုနဲ့ထည်နဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုတ်နှံမှုတွေ မလုပ်နိုင်တော့ဘူးပေါ့ဗျာ။ အဲဒါ အနုတ် လက္ခဏာပေါ့။ မိသားစုတခုမှာ အိမ်ထောင်ဦးစီးကို နလန်မထူအောင် လုပ်ထားရင် သူ့ မိသားစုကို မထိခိုက်ဘဲ နေမလားဗျာ” ဟု သူက ပြောသည်။
ဦးဝင်းတင်ကမူ ပြည်သူများလည်း ထိခိုက်သည်ကို လက်ခံသော်လည်း စစ်အစိုးရထိပ်ပိုင်း အပါအဝင် နီးစပ်သူများကို ပိုထိခိုက်စေသည်ဟု ဆိုသည်။ “မီးလောင်နေတဲ့ အိမ်ကို ရေနဲ့ပက်ရုံတင် မဟုတ်ဘူးဗျ။ တခါတလေကျတော့လည်း ခေါင်မိုးတို့ ထရံတို့ ဆွဲခွာရတာမျိုးလည်း ရှိတာပေါ့ဗျာ” ဟု သူက ဆိုသည်။
မြန်မာ့အရေးကို နိုင်ငံတကာ၌ စည်းရုံးလှုံ့ဆော်နေသည့် ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် ဘားမား ကန်ပိန်း (ယူကေ) အဖွဲ့ကြီးကလည်း EU ဆုံးဖြတ်ချက်ကို ကြိုဆို လိုက်ပြီး ပိတ်ဆို့မှုများကို ရုတ်သိမ်းပါက စစ်အစိုးရအား လွတ်လွတ်လပ်လပ် လူ့အခွင့်အရေး ချိုးဖောက်ခွင့်ပြုသကဲ့သို့ ဖြစ်သွားမည်ဟု ယူဆသည်။
EU ၏ ထုတ်ပြန်ချက်၌ ကုလလူ့အခွင့်အရေးကောင်စီသို့ တင်ပြသော မြန်မာနိုင်ငံလူ့အခွင့်အရေး ဆိုင်ရာကုလအထူးသံ မစ္စတာကွင်တားနား၏ အစီရင်ခံစာကို ကြိုဆိုပြီး ကုလ အထူးသံနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိုလည်း တိုက်တွန်းထားသည်။ အစီရင်ခံစာအတွင်း၌ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများအတွက် ကော်မရှင်တခုဖွဲ့၍ စုံစမ်း စစ်ဆေးသွားရန် ကုလသမဂ္ဂကို အကြံပြုထားသည်။