ရန်ပုံငွေလိုအပ်နေသဖြင့် စစ်အစိုးရက ငွေကူညီလျှင်လက်ခံသွားမည်ဟု ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ယနေ့ ပြောဆိုသည်။
“တပ်မတော်နေ့မိန့်ခွန််းမှာ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ကလည်း လိုအပ်တာတွေ ကူညီမယ် ပြောထားတာကိုး။ အဲဒီတော့ ဥပဒေဘောင်ထဲကပဲ သူတို့က ပေးမယ်ဆိုရင် ကျနော်တို့က ယူရမှာကိုး။ မပေးဘူးဆိုရင်လည်း မယူပါဘူး။ အခုဟာက အဆုံးစွန်ထိ ပြောထားတာပါ” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (Diversity and Peace Party - DPP) ဒုဥက္ကဋ္ဌ ဦးတင်မောင်အေးက မဇ္စျိမကို ပြောသည်။
DPP သည် နိုင်ငံရေးပါတီ တည်ထောင်ခွင့်အတွက် ရွေးကောက်ပွဲကော်မရှင်သို့ ယခုလ ၆ ရက်နေ့က လျှောက်ထားခဲ့သည့် ပါတီဖြစ်သည်။
“တိတ်တဆိတ် ကူညီတာမျိုးတွေ ကျနော်တို့ လက်မခံပါဘူး။ ကျနော်တို့က ပြည်သူသိ တရားဝင် ရပ်တည်မယ့် ပါတီဖြစ်တဲ့အတွက် အလှူငွေတွေကိုလည်း တရားဝင် ထုတ်ပြန်သွားမှာပါ” ဟု ဦးတင်မောင်အေးက ပြောသည်။
'ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများအရ လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးလျှင် ကျပ်ငွေ ၅ သိန်း ကော်မရှင်သို့ ပေးသွငး်ရမှာဖြစ်သည်။
DPP ပါတီမှ ဦးညိုမင်းလွင်၊ ဦးတင်မောင်အေး၊ ဒေါ်စန္ဒာဦး၊ ကိုနေမျိုးဝေအပါအဝင် လွှတ်တော် ကိုယ်စားလှယ်လောင်း ၅ ဦးကို ဧရာဝတီတိုင်း ဘိုကလေးမြို့၊ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့နှင့် အခြား ဒေသများရှိ မဲဆန္ဒနယ်များတွင်ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်နေပြီး ပြည်သူ့့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်သုံးရပ်လုံးတွင် ဝင်ပြိုင်မည်ဟု ဆိုသည်။
DPP ပါတီ၏ ဥက္ကဋ္ဌမှာ ကိုညိုမင်းလွင်၊ ဒုဥက္ကဋ္ဌ (၁) ဒေါ်စန္ဒာဦး၊ ဒုဥက္ကဋ္ဌ (၂) ကိုတင်မောင်အေး၊ အထွေထွေ အတွင်းရေးမှူး ကိုနေမျိုးဝေနှင့် တွဲဖက် အထွေထွေ အတွင်းရေးမှူးမှာ ဦးအောင်မျိုးဦးတို့ ဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်သည် ပါတီတည်ထောင်ခွင့် လျှောက်ထားသည့် ပါတီများအနက် ပြီးခဲ့သည့် တပတ်အတွင်း ပါတီ ၅ ခုကို တည်ထောင်ခွင့်ပြုခဲ့ပြီး ဖြစ်သည်။
၎င်းပါတီများမှာ ၂၂ ရက်နေ့တွင် ကိုအေးလွင် ဦးဆောင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်နှင့် ကိုရဲထွန်း ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ၊ ၂၃ ရက်နေ့တွင် ဒေါ်နန်းရွှေကြာ ဦးဆောင်သည့် ဝံသာနု NLD ၊ တအောင်း (ပလောင်) အမျိုးသားပါတီနှင့် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) တို့ ဖြစ်သည်။
ယခုထိ အသစ်ဖွဲ့စည်းသည့် ပါတီပေါင်း ၁၉ ပါတီက ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီတည်ထောင်ခွင့် လျှောက်ထားကြောင်းနှင့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှ ယနေ့တိုင် ရပ်တည်လျက်ရှိသည့် ပါတီ ၁ဝ ပါတီအနက် ၃ ပါတီက ပြန်လည်မှတ်ပုံတင်ထားကြောင်း သိရသည်။