ပညာတော်သင် မြန်မာအစိုးရဝန်ထမ်းများက နယူးဇီလန်ရောက် ဒီမိုကရေစီ လိုလားသော မြန်မာအသိုင်းအဝိုင်းကို စုံစမ်းထောက်လှမ်းမှာ စိုးရိမ်ကြောင်း လွှတ်တော်အမတ် မစ္စ မာယန် စထရီက ယနေ့ ပြောဆိုလိုက်သည်။
နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရေး မက်ကူလီ Murray McCully က မြန်မာအစိုးရ ဝန်ထမ်း ၃ ဦး နယူးဇီလန်သို့ ပညာသင်ကြားရန် ရောက်ရှိ နေကြောင်းနှင့် ဆက်လက်ရောက်လာရန် ကျန်ရှိနေသေးကြောင်း အတည်ပြုချက်ပေးလိုက်ပြီးနောက် သူမက ပြေကြားလိုက်ခြင်း ဖြစ်သည်။
“စစ်အစိုးရရဲ့ ဝန်ထမ်းတွေ ရောက်ရှိလာတာဟာ သူတို့အိမ်အပြန်မှာ ဂုဏ်ပြုခံရဖို့အတွက် နယူးဇီလန်မှာရှိနေတဲ့ မြန်မာအသိုင်းအဝိုင်းရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ထောက်လှမ်းဖို့ ဖြစ်နေမှာကို ကျမတို့ စိုးရိမ်ပါတယ်” ဟု အတိုက်အခံပါတီ လေဘာပါတီသစ်မှ မစ္စ မာယန် စထရီ Maryan Street က မဇ္စျိမကို ပြောသည်။
နယူးဇီလန်သည် မြန်မာနိုင်ငံနှင့် တရားဝင် ဆက်ဆံရေးကို ၂ဝဝ၈ ခုနှစ်တွင် ရပ်တန့်ခဲ့ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယခုလို မြန်မာဝန်ထမ်းများကို ခေါ်ယူပညာသင်ပေးခြင်းကို ၂ဝဝ၉ အကုန်ပိုင်းတွင် ဆုံးဖြတ်ခဲ့သည်ဟုလည်း သူမက ဆိုသည်။
မစ္စ မာယန် စထရီသည် မြန်မာပြည် ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် နယူးဇီလန် ပါတီစုံက လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသော Burma Corss-Party Parliamentary Group ၏ ဥက္ကဋ္ဌ လည်း ဖြစ်သည်။
“စစ်အစိုးရကို အခုလို ပုံစံမျိုးနဲ့ ပံ့ပိုးပေးနေတာမျိုးကို ကျမတို့ လက်မခံပါဘူး” ဟု သူမက ပြောကြားလိုက်ပြီး ပညာသင်ခေါ်ယူသည့် အစီအစဉ် ရပ်တန့်အောင် ကြိုးပမ်းသွားမည်ဟု ပြောသည်။
အော်တာဂို တက္ကသိုလ်တွင် ၆ လကြာ အင်္ဂလိပ်စာသင်ကြားသော မြန်မာတဦးချင်းအတွက် အမေရိကန်ဒေါ်လာ ၃၅ဝဝဝ ကုန်ကျသည်။
၁၉၉၈ ခုနှစ်မှ စတင်၍ နယူးဇီလန်သို့ ပညာသင်သွားရောက်ခဲ့သော မြန်မာပေါင်း ၃၅ ဦးရှိကြောင်း အော်တာဂို ဒေးလီးတိုင်းမ် သတင်းတွင် ပါရှိသည်။
မစ္စတာ မာရေး မက်ကူလီက နယူးဇီလန်အစိုးရ၏ လုပ်ရပ်မှာ အမေရိကန်ဦးဆောင်သော နိုင်ငံတကာ အသိုင်းအဝိုင်း၏ မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူအတိုင်း လိုက်ပါလုပ်ဆောင်မှုဖြစ်ကြောင်း ကာကွယ်ပြောဆိုထားသည်။