နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ငြင်းဆိုထားသော အပစ်ခတ် ရပ်စဲထားသည့် တိုင်းရင်းသားအဖွဲ့များကို စစ်ရေးဖြင့် နှိမ်နင်းးဖို့ မကြိုးစားရန် ကချင်လွတ်မြောက်ရေး အဖွဲ့ KIO က စစ်အစိုးရကို သတိပေးလိုက်သည်။
“ဒီ နယ်ခြားစောင့်တပ်ကိစ္စကို အစိုးရက လက်နက်နဲ့ ဖြေရှင်းမယ်ဆိုရင်တော့ သူတို့အတွက်လည်း မကောင်းဘူး၊ ကျနော်တို့အတွက်လည်း မကောင်းဘူး။ ပြည်သူအားလုံးအတွက်လည်း မကောင်းပါဘူး” ဟု KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက မဇ္စျိမကို ပြောသည်။
KIO လက်အောက်ခံတပ် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအတွက် KIO နှင့် စစ်အစိုးရအကြား တနှစ်အတွင်း ၁၅ ကြိမ်ခန့် တွေ့ဆုံဆွေးနွေးသော်လည်း သဘောတူညီချက်မရနိုင်ဘဲရှိနေချိန်တွင် ပြောလိုက်ခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်အရာရှိများအုပ်ချုပ်မှုအောက်တွင် ကန့်သတ်သွတ်သွင်းကာ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းဖွဲ့စည်းရန် ငြိမ်းအဖွဲ့ ၁၇ ဖွဲ့ကို ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းမှ စတင်၍ ကမ်းလှမ်းခဲ့သည်။ KIO က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံမည်မဟုတ်ဘဲ ပြည်ထောင်စုတပ်မတော်တွင် ကချင်ပြည်နယ် တပ်ရင်းအဖြစ် ပြင်ဆင်ထဲ့သွင်းရန် တောင်းဆိုထားသည်။
“အဓိကကတော့ အစိုးရရဲ့ သဘောထားအပေါ် မူတည်ပါတယ်။ ကျနော်တို့ကတော့ လက်ရှိ တည်ငြိမ်အေးချမ်းနေတဲ့ အနေအထားကို ထိခိုက်စေလိုတဲ့ သဘောမရှိဘူး။ ဆန္ဒလည်း မရှိဘူး” ဟု ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။
စစ်အစိုးရက ၁၆ နှစ်တာကာလအတွင်း အကြီးမားဆုံး စစ်ရေးပြင်ဆင်မှုအဖြစ် အမြောက်တင်ကား ၂၆ စီး အပါအဝင် စစ်ကားပေါင်း ၁ဝဝ ခန့်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ မြစ်ကြီးနားမြို့သို့ စေလွှတ်ခဲ့သေးသည်။
KIO တွင် အင်အား ၂ သောင်းခန်ရှိပြီး အမြဲတမ်းစစ်သည်အင်အား ၈ ထောင်ခန့်ရှိကာ ရက်တိုစစ်သင်တန်းများကို စစ်မှုထမ်းဟောင်းများနှင့် ဒေသခံအချို့အား အရေးပေါ် သင်ကြားပေးနေခဲ့သည်။
စစ်အစိုးရက နယ်ခြားစောင့်တပ်အရေးနှင့် ပက်သက်၍ ၃ ကြိမ်မြောက် ရာဇသံပေးခြင်းအဖြစ် မနက်ဖြန်တွင် နောက်ဆုံးထား အကြောင်းပြန်ရန် ”ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့များကိုပါ ပြောကြားထားသည်။
KIO က ၎င်းတို့၏ နိုင်ငံရေး ရပ်တည်မှုများ၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စများနှင့်ပတ်သက်၍ ကချင်လူထုနှင့် အောက်ခြေဝန်ထမ်းများကို ယခုလ ၁၆ ရက်နေ့က လိုင်ဇာမြို့ မနောကွင်းခန်းမတွင် KIO ဒု - စစ်ဦးစီးချုပ် ဗိုလ်မှုးချူပ် ဂွမ်မော်နှင့် အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာတို့က ရှင်းလင်းပြောကြားခဲ့သည်။
ဧပြီလ ၁၇ ရက်နေ့က ကချင်ပြည်နယ် မြစ်ဆုံရေကာတာ ဆောက်လုပ်လျှက်ရှိသော Asia World ကုမ္ပဏီ အဆောက်အဦးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ စစ်အစိုးရက KIA လက်ချက်ဟုတ် မဟုတ် မေးမြန်းခဲ့သည်။ KIA ကတော့ ပတ်သက်မှုမရှိကြောင်း ငြင်းဆန်ထားသည်။
နယ်ခြားစောင့်တပ် တပ်ရင်းတရင်း၌ ဖွဲ့စည်းပုံအရ အင်အား ၃၂၆ ဦး ရှိမည်ဖြစ်ကာ မြန်မာ့တပ်မတော်ဘက်မှ အရာရှိနှင့် စစ်သား ၃ဝ ဦး ပါဝင်မည်ဖြစ်ပြီး၊ တပ်ဖွဲ့ဝင်အားလုံး၏ လစာကို ဗဟိုအစိုးရက ထုတ်ပေးမှာဖြစ်သည်။
ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) ၊ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကိုးကန့်တပ်ဖွဲ့များက စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံကာ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းလဲပြီး ဖြစ်သည်။