နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြင်းဆိုနေသည့် ကချင်လွတ်မြောက်ရေး အဖွဲ့ KIO သည် ကချင်လူထုအား စစ်သင်တန်းများ ပေးနေကြောင်း ဒေသခံများနှင့် KIO အရာရှိများထံမှ သိရသည်။
ယနေ့မှ စ၍ ၁၈ ရက် ကြာမည့် အရေးပေါ် စစ်သင်တန်း၌ KIO တပ်မဟာ ၃ ဌာနချုပ်ရှိရာ တရုတ် နယ်စပ် မိုင်ဂျာယန်မြို့နှင့် အနီးအနားရှိ ကျေးရွာများမှ KIA စစ်မှုထမ်း ဟောင်းများ၊ စစ်သင်တန်း တက်ဖူးသူများအား တအိမ်တယောက်နှုန်း မတက်မနေရ သင်ပေးနေခြင်းဖြစ်သည်။
ကချင်ဒေသခံများအနေဖြင့် မိမိကိုယ်မိမိ ကာကွယ်နိုင်ရန် သေနတ်ပစ်ခြင်းနှင့် ကျည်ကွယ် မျက်ကွယ် နည်းများကို ပို့ချပေးကြောင်း KIO အရာရှိတဦးက ပြောသည်။
“မိမိကိုယ်ကို ကာကွယ်နိုင်ဖို့၊ အရေးပေါ် ပြည်သူ့စစ်သင်တန်းလိုမျိုး ဖြစ်တယ်။ သေနတ်ပစ်တာ၊ ကာကွယ်တာ၊ ရှောင်တာ ဘယ်လိုလုပ်ရတယ် ဆိုတာတွေ သင်ပေး တယ်” ဟု သူက ပြောသည်။
ယနေ့တက်ရောက်လာသည့် သင်တန်းသားများထဲတွင် လူငယ်လူလတ်အရွယ်မှ စ၍ အသက် ၅ဝ အောက် အမျိုးသားများဖြစ်ပြီး စုစုပေါင်း ၁ဝဝ ဦးကျော်ရှိကြောင်း မိုင်ဂျာယန်မြို့ခံတဦးက ပြောသည်။
“ဒီနေ့ကစပြီး သင်တန်းပေးနေပြီ။ မိုင်ဂျာယန်မှာ ရှိတဲ့ စာသင်ကျောင်းဝင်းထဲမှာ ပေးနေပြီ” ဟု သူက ပြောသည်။
မိုင်ဂျာယန်မြို့၏ အရှေ့ဘက် မိုင် ၂ဝ ခန့်အကွာရှိ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁ တည်ရှိရာ အင်ဘာပါ ကျေးရွာတွင်လည်း စစ်သင်တန်းပေးရန် ဒေသခံများကို တအိမ်တယောက် လူစုဆောင်း နေပြီဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ အရှေ့ဘက်အရပ် ဝိုင်းမော်မြို့နယ်၊ ဆဒုံးကျေးရွာအုပ်စုဝင် ရွာများတွင်လည်း အလား တူ ရက်တိုစစ်သင်တန်းများ ပို့ချပြီးဖြစ်ကြောင်း သိရသည်။
ယမန်နှစ် သြဂုတ်လတွင်လည်း လိုင်ဇာမြို့၌ KIO ဌာနဆိုင်ရာဝန်ထမ်းများကို ရက်တိုစစ်သင်တန်း ပေးခဲ့သည်။
KIO အဖွဲ့အား စရဖ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေး အတွက် လာမည့် ကြာသာပတေးနေ့ နောက်ဆုံးထား ဆုံးဖြတ်ရန် ရာဇသံ ပေးထားသည်။
KIO ဥက္ကဌ ဦးဇောင်းဟရား အပါအဝင် အဖွဲ့ဝင် ၉ ဦးတို့သည် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးစိုးဝင်းနှင့် ၂၂ ရက်နေ့၌ တွေ့ဆုံဆွေးနွေးရန် လိုင်ဇာမြို့မှ ယနေ့ ညနေပိုင်း တွင် ထွက်ခွာမည်ဖြစ်ကြောင်း KIO ဗဟိုကော်မတီဝင်တဦးထံမှ သိရသည်။
အပစ်ရပ်ကာလအတွင်း KIO ၏ နိုင်ငံရေးရပ်တည်မှုများ၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ များနှင့် ပတ်သက်၍ ကချင်လူထုနှင့် အောက်ခြေဝန်ထမ်း စုစုပေါင်း ၂၅ဝဝ ဦးခန့်ကို လိုင်ဇာမြို့ မနောကွင်းခန်းမတွင် KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှုးချူပ် ဂွမ်မော်နှင့် အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာတို့က ယခုလ ၁၆ ရက်နေ့က ရှင်းလင်းခဲ့သည်။
အဆိုပါ လူထုရှင်းလင်းပွဲတွင် KIO အနေဖြင့် နယ်ခြားစောင့်တပ် လက်မခံဘဲ နောင်ဖြစ်လာမည့် ပြည်ထောင်စု တပ်မတော်တွင် ကချင်တပ်ရင်းများအနေဖြင့်သာ ပါဝင် လိုကြောင်း ရှင်းလင်းခဲ့သည်ဟု အမည်မဖော်လိုသူ KIO ဗဟိုကော်မတီဝင် အခြားတဦးက ပြောသည်။
ယခုလ ၄ ရက်နေ့တွင် မြစ်ကြီးနား မြောက်ပိုင်းစစ်ဌာနချုပ်၌ KIO နှင့် ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ တွေ့ဆုံခဲ့ စဉ် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်ခံမည်မဟုတ်ဘဲ ပြည်ထောင်စု တပ်မတော်တွင် ကချင်တပ် ရင်းများအနေဖြင့်သာ နေလိုကြောင်းကို တင်ပြခဲ့သည်။ သို့သော် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ကမူ လက်ခံခြင်း မရှိခဲ့ပေ။
လူထုအစည်းအဝေး ခေါ်ယူပြီးနောက် တရက်အကြာ ယခုလ ၁၇ ရက်နေ့တွင် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း၌ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ပတ်သက်ခြင်း မရှိကြောင်း KIO က ငြင်းဆိုထားသည်။