ရှမ်းနှင့် မကွေးတွင် လေပြင်းတိုက်၊ ပျက်စီးမှုများ ဖြစ်

ရှမ်းနှင့် မကွေးတွင် လေပြင်းတိုက်၊ ပျက်စီးမှုများ ဖြစ်
by -
မင်းသက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် မကွေးတိုင်းအတွင်း ယခုလ ၁၆ ရက်နေ့က လေပြင်းတိုက်သဖြင့်  အစိုးရအဆောက်အအုံများ အပါအဝင် လူနေအိမ်များ ပျက်စီးဆုံးရှုံး....

ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် မကွေးတိုင်းအတွင်း ယခုလ ၁၆ ရက်နေ့က လေပြင်းတိုက်သဖြင့်  အစိုးရအဆောက်အအုံများ အပါအဝင် လူနေအိမ်များ ပျက်စီးဆုံးရှုံး ခဲ့သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပြင်းမြို့နယ်တွင် မြို့နယ်ဆေးရုံ၊ တရားရုံး၊ စိုက်ပျိုးရေးရုံး၊ ပညာရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်၊ လမ်းဆောက်လုပ်ရေး အရာရှိရိပ်သာ များနှင့် နေအိမ်များ၊ ဘုန်းကြီးကျောင်းများ ပျက်စီးခဲ့သည်။

''အမိုးလန်တာတွေရော၊ ပြိုကျတာတွေရော အမျိုးစုံပဲ'' ဟု ရှမ်းပြည်နယ်မှ ပေးပို့သော သတင်းများကို မှတ်တမ်းပြုရသည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန (နေပြည်တော်) မှ အရာထမ်းတဦးက ပြောသည်။

ဆေးရုံဝင်းထဲက သံဃာဆေးရုံနဲ့ ဓာတ်မှန်ဆောင်၊ တရားသူကြီးနေအိမ်၊ တရားရုံးအဆောက်အအုံ၊ စိုက်ပျိုးရေးရုံးနဲ့ ဝန်ထမ်းအဆောက်အအုံ၊ ဆက်သွယ်ရေး ဖုန်းကြိုး ကွန်ကရစ်တိုင်၊ အထကကျောင်းနှင့် အမက ကျောင်း၊ ဆောက်လုပ်ရေးဝင်းရှိ အေအီးနေအိမ်နှင့် အရာရှိတည်းခိုဆောင်၊ လျှပ်စစ် စက်ခန်းနှင့် ၂ ထပ်လိုင်း ဓာတ်တိုင် ၅ တိုင်၊ လမ်းဆောက်လုပ်ရေး အထူးအရာရှိ တည်းခိုဆောင်များ ပျက်စီးခဲ့ကြောင်း သူက ဆက်ပြောသည်။

ပိန်းဆန်းရပ်ကွက်ရှိ လူနေအိမ် ၁၁ လုံးနှင့် အောက်စျေးတန်းအရပ်ရှိ နေအိမ်တလုံး ပျက်စီးခဲ့ကြောင်း သိရသည်။

အဆောက်အအုံများ ပြိုကျသဖြင့် ကျောင်းလုံဘုန်းကြီးကျောင်းမှ သက်တော် ၂ဝ နှစ်အရွယ် ရှင်နန္ဒာသီရိသည် ညာဘက်ခြေထောက် ဒဏ်ရာရရှိပြီး၊ ကျောင်း သန့်ရှင်းရေး လုပ်ကိုင်သူ ၄၆ နှစ်အရွယ် အမျိုးသမီးတဦးမှာ ဘယ်ဘက်မျက်လုံးအနီး ပွန်းပဲ့ကာ ၅ဝ နှစ်အရွယ် အမျိုးသမီးတဦးမှာလည်း ဘယ်ဘက်ပေါင်အတွင်း ဒဏ်ရာရရှိခဲ့သည်။

ထိုနေ့ ညနေ ၃ နာရီခွဲခန့်က မကွေးတိုင်း မြိုင်မြို့တွင် မိုးသက်လေပြင်းများ ကျရောက်သဖြင့် နယ်စပ်စည်ပင် သင်တန်းသူ အဆောင်တလုံး၊ စက်မှု ၂ မှ ဂိုဒေါင် တလုံးနှင့် စာရင်းစစ်ရုံး ပြိုကျခဲ့သေးသည်။

ညနေ ၄ နာရီခန့်က အဆိုပါ တိုင်းဒေသအတွင်းရှိ မင်းလှမြို့နယ်မှ မိုင် ၃ဝ ခန့် ကွာဝေးသော ရေနံမိုက်နယ် အိုးဘိုကုန်းအုပ်စုရှိ ရေပေါ်လေး၊ ဒီးဒုတ်နှင့် မင်းတဲကြီး ရွာများတွင် လူနေအိမ်များ ပျက်စီးခဲ့သည်။

ရေပေးလေးရွာတွင်မူ နေအိမ် ၁၁ လုံး ပြိုကာ နွားတကောင် သေဆုံးခဲ့သည်။ ဒီးဒုတ်ရွာရှိ ဓမ္မာရုံနှင့် မင်းတဲကြီးရွာတွင်မူ စာသင်ကျောင်းတကျောင်း ပျက်စီးခဲ့ရသည်။

နောက်ထပ် နာရီဝက်အကြာတွင် ရေစကြိုမြို့တွင်လည်း လေပြင်းနှင့်အတူ မိုးရေချိန် ဒဿမ ၅ အထိ ရွာသွန်းခဲ့သဖြင့် မြို့နယ် အထက ကျောင်းရှိ ကံ့ကော်ဆောင်ပြိုကျခဲ့ကာ၊ လူနေအိမ်များလည်း ပျက်စီးခဲ့သည်။

ရေစကြိုနှင့် ၅ မိုင်ခန့်ဝေးသော မုံညင်းကျေးရွာရှိ အောင်မြင့်ဗိမာန် ဘုန်းကြီးကျောင်းမှာလည်း အပျက်အစီးများ ဖြစ်ပွားခဲ့သည်။