နာဂစ်သင့်ဒေသ သောက်သုံးရေ အမြန်လို

နာဂစ်သင့်ဒေသ သောက်သုံးရေ အမြန်လို
by -
ကျော်ခ
မြစ်ဝကျွန်းပေါ် ကျေးရွာများတွင် သောက်သုံးရေ အမြန်ဆုံး ရရှိရေး အကူအညီများပေးရန် လိုအပ်နေကြောင်းလည်း ရန်ကုန်မြို့ ကုလသမဂ္ဂရုံး ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက...

မြစ်ဝကျွန်းပေါ် ကျေးရွာများတွင် သောက်သုံးရေ အမြန်ဆုံး ရရှိရေး အကူအညီများပေးရန် လိုအပ်နေကြောင်းလည်း ရန်ကုန်မြို့ ကုလသမဂ္ဂရုံး ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောသည်။

“နာဂစ်ဒေသက ကျေးရွာတော်တော်များများမှာ ရေချိုရရှိဖို့ကတော့ ပြဿနာရှိနေပါတယ်။ ရေငံပိုတက် လာတဲ့အချိန်လဲဖြစ်တော့ ရေတွေက ညစ်ပတ် ကုန်တာ။ မိုးမကျခင်အထိတော့ ရေချိုရရှိနိုင်မှုက တော်တော်လေးကို အားနည်းနေပါပြီ” ဟု ဦးအေးဝင်းက ပြောသည်။

လတ်တလောအချိန်တွင် မိုးရွာရန် တမ်းတနေသကဲ့သို့ မိုးရွာလျင်လည်း အမိုးအကာ မလုံလောက်မှု ပြဿနာများ ရှိနေသေးသည်။

ဦးအေးဝင်းက “မိုးရာသီဝင်တော့မယ်ဆိုတော့ ကောင်းကျိုးအနေနဲ့ ရေချိုရနိုင်သလို ဆိုးကျိုးအနေနဲ့ အခုလောလောဆယ် အမိုးအကာပြဿနာက ရှိသေးတယ်။ ခုချိန်ထိ လုံလောက်မှု မရှိသေးဘူး။” ဟု ပြောသည်။

ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ရေချို ပြတ်လပ်မှုဆိုးရွားနေသည်ဟု ကျွန်းပေါ်ရှိ ကြက်ခြေနီရုံးခွဲမှ တာဝန်ရှိသူတဦးက ပြောသည်။

“ဟိုင်းကြီးကျွန်း ကျောက်ချောင်းကျေးရွာအုပ်စုဘက်ကတော့ ရေဆိုးရွားပြတ်လပ်တဲ့ အနေအထားထိ ဖြစ်နေတယ်။” ဟု အမည်မဖော်လိုသူ ကြက်ခြေနီ တာဝန်ရှိက မဇ္စျိမကိုပြောသည်။

ရွာသူ/ရွာသားများမှာ အခြားရွာများသို့ လှေ၊ နွားလှည်း၊ ထော်လာဂျီ၊ တွန်းလှည်း စသည်တို့ဖြင့် သွားရောက်သယ်ဆောင်ကာ အသုံးပြုနေရသည်။

လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဖျာပုံမြို့နယ်များရှိ ကြက်ခြေနီရုံးခွဲများမှ တာဝန်ရှိသူများကလည်း ယခုလပိုင်းမှစ၍ ကျေးရွာအချို့၌ ရေချိုရရှိမှု ခက်ခဲ လာပြီဟု တညီတညွတ်တည်း ပြောဆိုကြသည်။
ကြက်ခြေနီအသင်းမှ ထော်လာဂျီဖြင့် သယ်ဆောင်ကာ ရေဝေမည်ဟု ဆိုသည်။

နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသော ဒေသများတွင် သောက်သုံးရေကန်ပေါင်း ၃၈ဝဝ ထိ မွန်းမံ ပြင်ပြီးပြီဖြစ်သော်လည်း ရေချိုအခက်အခဲ ကြံုနေရသူ စုစုပေါင်းမှာ ၁ သိန်းကျော်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။

၂ဝဝ၈ မေလ အတွင်းက တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် ရေကန်စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်းပျက်စီးခဲ့ကြောင်း နာဂစ် အလွန်စစ်တမ်း (PONJA) တွင် ဖော်ပြထားသည်။