ကော်မရှင် ဥက္ကဋ္ဌကို ဥရောပသမဂ္ဂ နာမည်ပျက် စာရင်းသွင်း

ကော်မရှင် ဥက္ကဋ္ဌကို ဥရောပသမဂ္ဂ နာမည်ပျက် စာရင်းသွင်း
မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တဦးသည် ဥရောပ သမဂ္ဂ EU ၏ နာမည်ပျက် စာရင်းတွင်ပါရှိကြောင်း မဇ္ဈိမက....

မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တဦးသည် ဥရောပ သမဂ္ဂ EU ၏ နာမည်ပျက် စာရင်းတွင်ပါရှိကြောင်း မဇ္ဈိမက စုံစမ်းသိရသည်။

၎င်းတို့မှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော် ဒုတိယ တရားသူကြီးချုပ် ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင် တရားရုံးချုပ် တရားသူကြီး ဒေါက်တာ တင်အောင်အေး တို့ဖြစ်ကြောင်း ဖြစ်သည်။

ထိုစာရင်းတွင် ပါဝင်နေသဖြင့် ၎င်းတို့သည် EU အဖွဲ့ဝင် နိုင်ငံများသို့ သွားရောက်ခွင့်ကို ပိတ်ပင်ခံထားရကာ၊ ၎င်းတို့ပိုင်ဆိုင်မှှု မှန်သမျှကိုပါ အရေးယူပိတ်ပင်တားပြီး၊ ဥရောပအခြေစိုက် ဘဏ္ဍာရေး အဖွဲ့အစည်းများကို အသုံးပြု၍ ငွေကြေးလွှဲပြောင်းပေးပို့ခြင်းလည်း ပြုလုပ်နိုင်မည် မဟုတ်ပေ။

အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၂ဝဝ၉ ခုနှစ် သြဂုတ်လ၌ ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်တွင် အထိန်းသိမ်းမိန့် ချမှတ်ပြီးနောက် အဆိုပါ တရားသူကြီး နှစ်ဦး အပါအဝင် တရားသူကြီးအဖွဲ့မှ ထိပ်ပိုင်းအရာရှိများအား EU အမည်ပျက် စာရင်းတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံ အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်သည့်အနေဖြင့် မတရားပြစ်ဒဏ် ချမှတ်ရာတွင် ပါဝင်ခဲ့သည့် တရားသူကြီးအဖွဲ့မှ အဖွဲ့ဝင် များအား အမည်ပျက် စာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း EU က ပြောကြားခဲ့သည်။  ထိုသို့ အရေးယူ ပိတ်ပင်ခြင်းသည် ဆီလျော်သော ပြစ်ဒဏ် ချမှတ်မှှု ဖြစ်သည်ဟုလည်း EU က ပြောဆိုခဲ့သေးသည်။

၎င်းတို့နှစ်ဦးအပြင် စ်အစိုးရထဲမှ အဓိက ကျသူများအပြင် စစ်အစိုးရနှင့် အလွန်နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် ဦးတေဇလည်းလည်း EU သတ်မှတ်ထားသည့် နာမည်ပျက် စာရင်းတွင် ပါဝင်လျက်ရှိသည်။  

ဒုတိယ တရားသူကြီးချုပ် ဦးသိန်းစိုးသည် မြန်မာစစ်တပ်တွင် ဗိုလ်ချုပ်တဦး ဖြစ်ခဲ့ပြီး၊ စစ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် ၂ဝဝ၃ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့် ခေါင်းဆောင်သည့် အမျိုးသားညီလာခံတွင် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခြင်း ခံခဲ့ရသည်။

၂ဝဝ၇ ခုနှစ် အောက်တိုဘာလတွင် ဒေါက်တာ တင်အောင်အေးအား နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မရှင်တွင် စစ်အစိုးရက တာဝန် ထမ်းဆောင် စေခဲ့သည်။

အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက် တရပ်တွင် ဒေါက်တာ တင်အောင်အေးသည် ဥပဒေပညာရပ် မာစတာဘွဲ့နှင့် ဒေါက်တာ ဘွဲ့အား ဂျာမဏီ နိုင်ငံမှ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။