ကျောင်းသားခေါင်းဆောင်ဟောင်းက ပါတီထောင်ရန်ပြင်

ကျောင်းသားခေါင်းဆောင်ဟောင်းက ပါတီထောင်ရန်ပြင်
by -
စိုင်းဇွမ်ဆိုင်း
ကျောင်းသား ခေါင်းဆောင်ဟောင်းတဦးဖြစ်ဖူးသူ  ကိုဖြိုးမင်းသိန်းက ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေရာ အသစ်ထူထောင်မည့် ပါတီကို ” လူထုဒီမိုကရေစီပါတီ” ဟု အမည် ...

ကျောင်းသား ခေါင်းဆောင်ဟောင်းတဦးဖြစ်ဖူးသူ  ကိုဖြိုးမင်းသိန်းက ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေရာ အသစ်ထူထောင်မည့် ပါတီကို ” လူထုဒီမိုကရေစီပါတီ” ဟု အမည်ပေးထားသည်။

“တခြားနိုင်ငံရေးပါတီတွေနည်းတူ ရွေးကောက်ပွဲမှာ ကျနော်တို့လည်း ဖြတ်သန်းဖို့ လိုလိမ့်မယ်လို့ ထင် တယ်။ ဘာလို့လည်းဆိုတော့ လူထုအတွက် ရွေးချယ်စရာတွေ ပေးနိုင်ဖို့အတွက်ပေါ့နော်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့၏ အတွင်းရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ကိုဖြိုးမင်းသိန်း က မဇ္စျိမကို ပြောသည်။

၁၉၈၈ ခု၌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌဖြစ်ခဲ့ဖူးသူ ကိုညိုထွန်းလည်း ပါတီ၏ ဖွဲ့စည်းရေးလုပ်ငန်းကော်မတီတွင် ပါဝင်မည်ဟု သိရသည်။

ပါတီအလံသည် အပြာ၊ အနီ၊ အဝါ သုံးရောင်ခြယ်ဖြစ်ပြီး ဖွဲ့စည်းရေးလုပ်ငန်းကော်မတီကို ကိုညိုထွန်း၊ ကိုဖြိုးမင်းသိန်း၊ ကိုသိန်းတင်အောင်၊ ကိုမင်းလွင်၊ ကိုလူသစ်၊ ကိုသိန်းဌေး၊ ကိုမျိုးမင်းထွန်း စသည့် ရ ဦးဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုသည်။ ပါတီ၏ ဆောင်ပုဒ်မှာ လွတ်လပ်၊ ညီမျှ၊ ချစ်ကြည်၊ လူထုဒီမိုကရေစီပါတီ ဟုလည်းဆက်ပြောသည်။

ပါတီမှတ်ပုံတင်ခြင်းနှင့် ပါတီ၏ လမ်းစဉ်မူဝါဒများ သတ်မှတ်ခြင်းကို ၂၉ ရက်နေ့ နောက်ပိုင်းမှသာ ဆောင်ရွက်ဖြစ်မည်ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် ဒီမိုကရေစီခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်ဖြစ်သော ဦးခွန်ထွန်းဦးတို့ ပါဝင်ခွင့် ရရှိရေးကိုလည်း ကြိုးစားသွားမည်ဟုလည်း သိရသည်။

ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ရန် အဆင်သင့်ဖြစ်နေသည့် နိုင်ငံရေးပါတီများမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် သိပ္ပံနည်းကျ အမျိုးသားနိုင်ငံရေးပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ-မြန်မာပြည်၊ ရခိုင်ပြည်နယ်အမျိုးသားနိုင်ငံရေးအင်အားစု၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ၊ မတူကွဲပြားခြင်း နှင့်ငြိမ်းချမ်းရေးပါတီ၊ ကချင်ပြည်နယ်တိုးတက်ရေးပါတီ၊ ဝံသာနု NLD၊ ၈၈မျိုးဆက်သစ်ကျောင်းသားများ ယူနိုက်တက်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားနိုင်ငံရေးအဖွဲ့တို့ဖြစ်ကြကြောင်း လေ့လာသိရှိရသည်။

ယခုလ ၂၂ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့သော နိုင်ငံရေးပါတီတို့မှာ ကိုအေးလွင် ဦးဆောင်သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) တို့ ဖြစ်ကြသည်။

ရွေးကောက်ပွဲဥပဒေကြောင့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှာ ပါတီမှတ်ပုံတင်ရေး-မတင်ရေး ကို ယခုလ ၂၉ ရက်နေ့တွင် ရန်ကုန်ဌာနချုပ်၌ ဗဟိုအလုပ်အမှုဆောင် များနှင့် ဗဟိုဦးစီးအဖွဲ့ဝင်များ စည်းဝေးဆုံးဖြတ်ကြမည်ဖြစ်သည်။