သင်္ကြန်မဏ္ဍပ်များ စပွန်ဆာ အခက်တွေ့

သင်္ကြန်မဏ္ဍပ်များ စပွန်ဆာ အခက်တွေ့
by -
ညီညီ
သင်္ကြန်မဏ္ဍပ်တည်ဆောက်ကာ အခကြေးငွေယူ ရေပက်ကစားခွင့်ပြုသော ရန်ကုန်ရှိ ကန်ထရိုက်များအတွက် ယခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်တွင်မူ စပွန်ဆာအခက်အခဲနှင့်....

သင်္ကြန်မဏ္ဍပ်တည်ဆောက်ကာ အခကြေးငွေယူ ရေပက်ကစားခွင့်ပြုသော ရန်ကုန်ရှိ ကန်ထရိုက်များအတွက် ယခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်တွင်မူ စပွန်ဆာအခက်အခဲနှင့် ကြံုနေကြရသည်။

သင်္ကြန်မဏ္ဍပ်ဆောက်သူများသည် စပွန်ဆာခေါ် စီးပွားရေးကြော်ငြာ ထောက်ပံ့မှုများ ရှာဖွေရလေ့ရှိသော်လည်း ယခုနှစ် သင်္ကြန်တွင်မူ အဓိက လူစည်ကားရာ အင်းလျားလမ်းအတွင်း မဏ္ဍပ်တည်ဆောက်ခွင့် ပိတ်ပင်ခြင်းနှင့် အရက်ဘီယာ ကြော်ငြာခြင်း မပြုရန် တားမြစ်သဖြင့် စပွန်ဆာရရှိရန် ခက်ခဲနေခြင်း ဖြစ်သည်။

”မဏ္ဍပ်အကြီးကြီးတွေက စပွန်ဆာ ကောင်းကောင်းရထားတော့ ပြဿနာမရှိဘူး။ ရေသန့်တို့၊ အချိုရည်တို့ထက် ပုံမှန် မဏ္ဍပ်အလတ်စားတွေအတွက် အားထားရတဲ့ စပွန်ဆာတွေက အရက်နဲ့ ဘီယာတွေပဲ ရှိတာလေ။ အခု အဲဒါတွေ လက်မခံရဘူးဆိုတော့ သူ့ထက်ငါ အပြိုင်အဆိုင် လိုက်နေကြရတယ်” ဟု တာမွေမြို့နယ် ဗိုလ်စိန်မှန် ရပ်ကွက်ထိပ်တွင် နှစ်စဉ်မဏ္ဍပ် ပြုလုပ်သူ တဦးက ဆိုသည်။

စပွန်ဆာရရှိမှုသည် ပုံမှန်အားဖြင့် မဏ္ဍပ်ကြီးတခုအတွက် ၁ဝ သိန်းမှ သိန်း ၂ဝ အထိ ပေးလေ့ရှိပြီး၊ ဖျော်ဖြေရေး ပါဝင်သည့် မဏ္ဍပ်အကြီးစားများအတွက် သိန်း ၄ဝ ခန့်အထိ ပေးတတ်ကြသည်။

စီးပွားရေးလုပ်ငန်းရှင် အများစုသည် မန္တလေးတွင်သာ မိန်းစပွန်ဆာ အကြီးစားအနေဖြင့် စတိတ်ရှိုးများဖြင့် တင်ဆက်သည့် မဏ္ဍပ်များ ပြုလုပ်လာသဖြင့် ရန်ကုန် အနေဖြင့် သိန်း ၃ဝ စပွန်ဆာရရှိမှုသည် အမြင့်ဆုံး အနေအထားသာရှိတော့ကြောင်း သိရသည်။

”ကျနော်တို့က လောလောဆယ် စပွန်ဆာ မရသေးပါဘူး၊ Alpine တို့၊ PMG တို့နဲ့ တခြားဟာတွေတော့ လိုက်ထားတယ်။ အရင်ကတော့ Tiger နဲ့ မြန်မာဘီယာတွေက ပေးနေကျပါ။ ဒီနှစ်တော့ ဘာမှန်း သေသေချာချာ မသိရသေးပေမယ့် ဘီယာတွေ၊ အရက်တွေ မရဘူးပြောတာနဲ့ သူတို့လည်း လက်မခံဘဲ ထားတယ်” ဟု ယခင် အင်းယားလမ်းမှ ယခု ပြည်လမ်းမပေါ်တွင် ပြောင်းလဲတည်ဆောက်မည့် ရေကစားမဏ္ဍပ် ဆောက်လုပ်မည့် လူငယ်တဦးက ပြောသည်။

သင်္ကြန်အတွင်း မဏ္ဍပ်များသို့ လိုက်လံပေးသည့် စပွန်ဆာအနေဖြင့် အရက်ဘီယာ လုပ်ငန်းများမှ အများစုဖြစ်ပြီး သူတို့ နှစ်သက်သည့် မဏ္ဍပ်များသို့ အနည်းဆုံး ၁ သိန်းနှင့် ဘီယာ ၁ဝ ကဒ်မှ အများဆုံး ၅ သိန်းနှင့် ဘီယာကဒ် ၂ဝ ပေးလေ့ရှိသည်။

ယခုနှစ်တွင် လွန်ခဲ့သည့် နှစ်အနည်းငယ်က ပိတ်ပင်ထားခဲ့သော ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းတို့တွင် သင်္ကြန်ရေပက်ဆော့ကစားခွင့် ပြုထားသည်။

သို့သော် ယခုနှစ် မဏ္ဍပ်တည်ဆောက်မှုများအတွက် ပြည်လမ်းမပေါ်တွင် အဓိကနေရာအဖြစ် ခြောက်မိုင်ခွဲမှ လှည်းတန်းအနီးအထိ သတ်မှတ်ပြီး၊ ကမ္ဘာအေးဘုရားလမ်း အတွက် ဆီဒိုနားဟိုတယ်အနီးမှ တက္ကသိုလ်ရိပ်သာ လမ်းသစ်အထိ သတ်မှတ်ကာ ကန်တော်ကြီး ကန်ပတ်လမ်းနှင့် ဆရာစံလမ်းတို့တွင်လည်း  ဆက်လက်ချထား ပေးမည် ဖြစ်သဖြင့် မဏ္ဍပ်များ ပိုမိုများပြားလာဖွယ် ရှိသည်။

မဏ္ဍပ်တည်ဆောက်ခွင့်ကို တရားဝင် လက်ခံခြင်း မရှိသေးသော်လည်း ယခုအချိန်မှ စတင်စီစဉ်နေကြပြီး သင်္ကြန်ရေ ကစားမဏ္ဍပ်များအတွက် ရေကစားခွင့် တဦးချင်း လက်မှတ်သည် ယခုနှစ် ပျမ်းမျှ ပေါက်စျေးအဖြစ် တစောင်လျှင် ၃၃၀၀၀ ကျပ်မှ ၄၀၀၀၀ အထိဖြစ်ပြီး ရောင်းချမှုများ စတင်နေပြီဖြစ်သည်။

လာမည့်လ ၁၃ ရက်နေ့တွင် သင်္ကြန်အကြိုနေ့ ကျရောက်ပြီး၊ ၁၆ ရက်နေ့တွင် သင်္ကြန်အတက်နေ့ ကျရောက်မည်ဖြစ်သည်။