ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ကော်မရှင်သို့ ကျပ်ငွေ ၅ သိန်း ပေးသွင်းရမည်ဖြစ်သည်။
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက လက်မှတ်ရေးထိုး ထုတ်ပြန်သော ယခုလ ၁၇ ရက် နေ့စွဲတပ် ''ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ'' တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းသည် အမည်စာရင်း တင်သွင်းလွှာနှင့်အတူ နိုင်ငံပိုင် မြန်မာ့စီးပွားရေး ဘဏ်တွင် ကျပ် ၅ သိန်း ပေးသွင်းထားသည့် ပြေစာကိုလည်း နေပြည်တော် ကော်မရှင် အဖွဲ့ခွဲနှင့်အတူ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူသို့ ပေးသွင်းရမည်ဟု သတ်မှတ်ထားသည်။
အမည်စာရင်း တင်သွင်းလွှာတွင် အနိမ့်ဆုံး မြို့နယ်တရားသူကြီးအဆင့်ရှိ တရားသူကြီးတဦး၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးရမည်ဖြစ်သည်။
သို့သော် အဆိုပါ ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေးမှာ ကိုယ်စားလှယ်လောင်းအဖြစ်မှ အပယ်ခံရခြင်း သို့မဟုတ် ရွေးကောက်ပွဲမကျင်းပမီ ကွယ်လွန်မှုမှအပ ပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်း နည်းဥပဒေတွင် ပါရှိသည်။
မှတ်ပုံတင်ကြေး များလွန်းသည်ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝါရင့်နိုင်ငံရေးသမားကြီး ဦးရွှေအုန်းက ပြောသည်။
“ကျနော်တို့ ပြင်လို့မှ မရတာ။ ကျုပ်တို့လို လူတွေအတွက် များလွန်းတယ်။ ၅ သိန်းတို့၊ သိန်း ၁ဝဝ တို့ မပြောနဲ့ အခု ကျုပ်မှာ တပြားမှ မရှိဘူး။ ဒါပေမဲ့ ဖြစ်အောင်တော့ လုပ်ရမှာပေါ့” ဟု သူက ပြောသည်။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေးသည် ကျပ်ငွေ ၁ သောင်း ဖြစ်ခဲ့ပြီး၊ အရွေးခံရခြင်း သို့မဟုတ် မဲပေးခွင့်ရသူ၏ ၂ဝ ရာခိ်ုင်နှုန်း ထောက်ခံမဲရလျှင်ပင် အပြည့်ပြန်ပေးသည်ဟု ထိုစဉ်က မန္တလေးတိုင်း အရှေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ပြိုင်ခဲ့သူ ဦးအုန်းကြိုင်က ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို ကျပ် သိန်း ၁ဝဝ ထက် ပိုမသုံးရန်နှင့် ကုန်ကျစရိတ်စာရင်းကိုလည်း ကော်မရှင်သို့ တင်သွင်းရန် မှာကြားထားသည်။
နည်းဥပဒေအရ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းလိုသူသည် ကန့်ကွက်လိုသူ တဦးချင်းအတွက် အမှုစရိတ် ကျပ် ၁ဝ သိန်းကိုပါ ကော်မရှင်သို့ ပေးသွင်းရမည်ဖြစ်သည်။