ပါတီမှတ်ပုံတင်မတင် NLD လူငယ်များ ဆွေးနွေးမည်

ပါတီမှတ်ပုံတင်မတင် NLD လူငယ်များ ဆွေးနွေးမည်
by -
ဖနိဒါ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပါတီမှတ်ပုံပြန်တင်သင့်၊ မတင်သင့်ကို ဆွေးနွေးရန် ပြည်နယ်နှင့် တိုင်းများမှ အဖွဲ့ဝင် လူငယ်ခေါင်းဆောင်များကို ယခုလ ၂၆ ရက်နေ့၌ ရန်ကုန် ပါတီဌာနချုပ်သို့...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပါတီမှတ်ပုံပြန်တင်သင့်၊ မတင်သင့်ကို ဆွေးနွေးရန် ပြည်နယ်နှင့် တိုင်းများမှ အဖွဲ့ဝင် လူငယ်ခေါင်းဆောင်များကို ယခုလ ၂၆ ရက်နေ့၌ ရန်ကုန် ပါတီဌာနချုပ်သို့ ခေါ်ယူထားကြောင်း သိရသည်။

“တိုင်းနှင့်ပြည်နယ် လူငယ်အာလုံးကို ဖိတ်ထားပြီ။ ဆွေးနွေးမှာက (ဗဟိုဦးစီအဖွဲ့) CC ကိစ္စတွေ၊ ပါတီမှတ်ပုံတင် ကိစ္စတွေ ပါမယ်” ဟု ရန်ကုန်တိုင်း NLD ဗဟိုလူငယ်တာဝန်ခံ ၃ ကိုအေးထွန်းက မဇ္စျိမကို ပြောသည်။

ပြည်နယ်နှင့် တို်င်း လူငယ်အကူအညီပေးရေးအဖွဲ့များမှ ကိုယ်စားလှယ် ၅ဝ ဦးခန့် တက်ရောက်နိုင်မည်ဟု ခန့်မှန်းထားပြီး၊ ဆုံးဖြတ်ချက်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC သို့ တင်ပြကြမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် မတ်လမှ စတင်၍ NLD လူငယ်များ တိုးချဲ့ဖွဲ့စည်းရာတွင် တနိုင်ငံလုံးရှိ ၃၂၅ မြို့နယ်တွင် မြို့နယ် ၈ဝ ၌ လူငယ်လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ပြီဟု ကိုအေးထွန်းက ပြောသည်။

NLD တိုင်းနှင့် ပြည်နယ်များမှ CC နှင့် CEC အဖွဲ့ဝင်များသည်လည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေး၊ မတင်ရေး ဆုံးဖြတ်ရန် ယခုလ ၂၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြမည်။

ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ခေါင်းဆောင်ကောင်းများ ပေါ်လာစေရန်ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရည်ရွယ်ချက်အတိုင်း လူငယ်များ ပြန်လည်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း လူငယ်အကြံပေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

“ဒေါ်စုက လူငယ်တွေကို ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်က အင်အားပြဖို့ မဟုတ်ဘူး။ ခေါင်းဆောင်ပျိုးခင်းအဖြစ်နဲ့ ပျိုးထောင်ထားတာတဲ့။ ဘက်စုံတော်တဲ့ ခေါင်းဆောင်တွေ ဖြစ်လာအောင် စနစ်တကျ ပျိုးထောင်ထားတာပါ” ဟု သူက ပြောသည်။

ပါတီလူငယ်များသည် လူငယ်များ တိုးချဲ့ဖွဲ့စည်းခြင်း၊ နာဂစ်ကယ်ဆယ်ရေး လုပ်ငန်းကော်မတီကို ကူညီခြင်းနှင့် HIV/AIDS ဝေဒနာသည်များ ဆေးကုသခွင့်ရရေး၊ HIV/AIDS ပညာပေးခြင်းတို့ ဆောင်ရွက်နေသည်ဟု ဆိုသည်။

တိုင်းနှင့် ပြည်နယ် အသီးသီးမှ လူငယ်ဖော်ဆောင်ရေး အဖွဲ့ဝင်များကို ရန်ကုန် ဗဟိုရုံးချုပ်သို့ခေါ်၍ ဥပဒေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး၊ ကွန်ပြူတာနှင့် အင်္ဂလိပ်စာ စသည့် ပညာရပ်များကိုလည်း အခါအားလျော်စွာ ပို့ချပေးနေကြောင်း သိရသည်။

နှစ်ပေါင်း ၂ဝ ကျော်ကြာ အာဏာရှင်စနစ်ကို အာခံတိုက်ပွဲဝင်နေသော်လည်း မအောင်မြင်သေးသည့် NLD သည် တရားဝင် ပါတီအဖြစ် ဆက်လက်ရပ်တည်လိုပါက ရက်ပေါင်း ၆ဝ အတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားရမည်ဟု ယခုလ ၈ ရက်နေ့ထုတ် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” ပုဒ်မ ၂၅ ၌ ဖော်ပြထားသည်။