စစ်အစိုးရ၏ ရာဇဝတ်မှုများကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး အဆင့်မှ အရေးယူနိုင်ရေး အတွက် ရည်ရွယ်၍ မြန်မာအမျိုးသမီး ၁၂ ဦးက ကိုယ်တိုင်ကြံုတွေ့မှုများကို အမေရိကန်နိုင်ငံတွင် ပြောဆိုခဲ့ကြသည်။
နယူးယောက်မြို့တွင် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (Women’s League of Burma) နှင့် နိုဘယ် အမျိုးသမီးများအဖွဲ့ (Nobel Women’s Initiative) တို့၏ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးနှင့် သဏ္ဍာန်တူ ပြုလုပ်ထားသော ခုံရုံး၌ ယမန်နေ့က ဖွင့်ချခဲ့ကြခြင်း ဖြစ်သည်။
နိုဘယ်ဆုရှင်များဖြစ်ကြသော အီရန်နိုင်ငံမှ Dr. Shirin Ebadi ၊ အမေရိကန်မှ Jody Williams တို့အပါ အဝင် တောင်ကိုးရီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပါမောက္ခ နှစ်ဦးက ခုံရုံုး တရားသူကြီးများ အဖြစ်ဆောင်ရွက် ခဲ့ကြသည်။
၂ဝဝ၃ ခု ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို ဝိုင်းရိုက်ကြသည့် ဒီပဲယင်း အကြမ်းဖက်မှုသည် ကြိုတင်ကြံစည်မှု ဖြစ်ကြောင်း ကိုယ်တိုင်ကြံုတွေ့ခဲ့သူ မန္တလေးတိုင်း အန်အယ်ဒီမှ ဒေါ်ညွန့်ညွန့်က ထွက်ဆိုသွားသည်။
မြန်မာနိုင်ငံ အနောက်ခြမ်းမှ ကူကီးလူမျိုး မငိုင်းငိုင် ကလည်း “ကျမထွက်ဆိုခဲ့တဲ့ အကြောင်းအရာက ၁၉၉၃ ခုနှစ်တုန်းက တမူးမြို့နယ်မှာ နအဖ စစ်သားထွက်ပြေး သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရွာသားတွေနဲ့ ပေါင်းပါတယ်ဆိုပြီးမှ ရွာသားလေးဦး သတ်ခံရတယ်။ အမျိုးသမီး တဦးအပါအဝင် လူငါးယောက်လောက် ကို အဓမ္မစွပ်စွဲပြီး ထောင်ချခဲ့တဲ့အမှုပါ” ဟု ပြောသည်။
ယခုခုံရုံးသည် တရားမဝင်သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း၏ အာရုံစိုက်မှုကိုရယူပြီး မြန်မာ စစ်အစိုးရ၏ ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (International Criminal Court) အထိ စွဲချက်တင်နိုင်ရန် ကာယကံရှင် အမျိုးသမီးများက မျှော်လင့်ထားကြသည်။
နိုဘယ်အမျိုးသမီးများအဖွဲ့မှ သတင်းပြန်ကြား မန်နေဂျာ Ms. Rachel Vincent က “ဒီသဏ္ဍာန်တူ ခုံရုံးမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေ ကိုယ်တိုင်ကြံုတွေ့ခဲ့ရတဲ့ မုဒိမ်းမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အတင်းအဓမ္မ ပေါ်တာထမ်းခိုင်းတာတွေကို သက်သေထွက်ဆိုသွားခဲ့ပါတယ်” ဟု ပြောသည်။
နိုဘယ်အမျိုးသမီးများအဖွဲ့နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့ပူးပေါင်း၍ သတင်းစာရှင်းလင်းပွဲ တရပ်ကိုလည်း နယူးယောက်မြို့တွင် ပြုလုပ်ရန် အစီအစဉ်ရှိပြီး ကာယကံရှင် အမျိုးသမီး ၁၂ ဦး၏ ထွက်ဆိုမှုများကို အခြေခံ၍ ယခုလ ၄ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။
ယခုကျင်းပခဲ့သည့် သဏ္ဍာန်တူခုံရုံးကို တရားဝင်ခုံရုံးတခု ဖြစ်လာစေရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးအား တင်ပြသွားမည်ဟု ဆိုသည်။
သဏ္ဍာန်တူခုံရုံးတွင် သက်သေထွက်ဆိုချက်များကို တက်ရောက်နားထောင်သူ ၁၅ဝ ခန့် ရှိပြီး သက်သေ ထွက်ဆိုခဲ့ကြသည့် အမျိုးသမီးများနှင့်ပတ်သက်၍ ရုပ်သံမှတ်တမ်းများ၊ ဇာတ်လမ်းရုပ်ရှင်များ ရိုက်ကူး သွားရန် အစီအစဉ်လည်းရှိကြောင်း နိုဘယ်အမျိုးသမီးအဖွဲ့မှ Ms. Rachel Vincent ကပြောသည်။