နယူးဒေလီ (မဇ္စျိမ) ။ ။ ရန်ကုန်တွင် FEC တန်ဖိုးမှာ လွန်ခဲ့သည့် တလကြာကာလအတွင်း တက်စျေးထက် ကျစျေးဘက်က များနေကြောင်း FEC ရောင်းဝယ်သူများထံမှ စုံစမ်းသိရှိရသည်။
၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလအတွင်းက FEC တယူနစ်လျှင် ၉၇ဝ ကျပ်မှ စတင်၍ တရွေ့ရွေ့ မြင့်တက်လာခဲ့ရာ ယခုနှစ် ဇန်နဝါရီလလယ်ပိုင်းအထိ ၁ဝ၆ဝ ကျပ်အထိ အမြင့်ဆုံး ထိုးတက်သွားခဲ့ရာမှ တရွေ့ရွေ့ ဆက်လက်ကျဆင်းလာရာ ယခုလ ၂၄ ရက်နေ့တွင် FEC တယူနစ်တန်ဖိုးမှာ ၁ဝ၂ဝ ကျပ်ခန့်မှ ယနေ့တွင် ကျပ် ၂ဝ ခန့် ကျဆင်းကာ ကျပ် ၁ဝဝဝ ဝန်းကျင်သို့ ထိုးဆင်းသွားခြင်း ဖြစ်သည်။
“၂၄ ရက်နေ့က FEC တယူနစ်ကို ၁ဝ၂ဝ ကျပ် ရှိတယ်။ မနေ့က မနက်ကျတော့ ၉၉ဝ ပဲ ရှိတယ်။ ဒီနေ့တော့ ၁ဝဝဝ ဖြစ်နေတယ်” ဟု ရန်ကုန်ရှိ ငွေကြေး ရောင်းဝယ်ရေးလုပ်ငန်းရှင် တဦးက မဇ္ဈိမကို ပြောသည်။
ထိုလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတဦးကလည်း FEC မှာ ၂ ရက်အတွင်း ကျပ် ၂ဝ ခန့် ထိုးကျသွားကြောင်း ပြောသည်။
FEC စျေးနှုန်းမြင့်တက်သည့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ ယခုနှစ် ဇန်နဝါရီလလယ်အထိ ကာလအတွင်း၌မူ စစ်အစိုးရက နိုင်ငံပိုင် လုပ်ငန်းများ၊ အဆောက်အဦများကို ပုဂ္ဂလိကလက်တွင်းသို့ လွှဲပြောင်းရောင်းချရာတွင် အများအပြားကို FEC ဖြင့် လေလံပစ်ကာ ရောင်းချခဲ့သည်။
သို့သော် ပြီးခဲ့သည့်လ ၂၁ ရက်နေ့တွင် စက်သုံးဆီဆိုင်များနှင့် ပြည်ပမှ စက်သုံးဆီတင်သွင်းခွင့်ကို ပုဂ္ဂလိကလက်သို့ ပေးလိုက်ပြီးနောက် FEC စျေးမှာ တဖြည်းဖြည်း ပြန်ကျလာခဲ့တော့သည်။
စက်သုံးဆီကိစ္စနှင့် ပတ်သက်ပြီး အစိုးရပိုင်ဖြစ်စဉ်က နိုင်ငံခြားမှ ဆီတင်သွင်းခွင့် လျှောက်ထားသူသည် စွမ်းအင်ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် ဘဏ်အကောင့်သို့ FEC ဖြင့်သာ ပေးသွင်းခဲ့ရာမှ ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်သည့်အခါ စက်သုံးဆီလုပ်ငန်း လုပ်ကိုင်လိုသူများသည် FEC မဟုတ်ဘဲ နိုင်ငံခြားတွင် သုံးစွဲသည့် ဒေါ်လာကိုသာ လိုအပ်တော့သဖြင့် FEC အသုံးပြုမှု လျော့ကျလာခဲ့သည်။
FEC အသုံးပြုမှု လျော့နည်းလာခြင်းနှင့် ပတ်သက်၍ ရန်ကုန်ရှိ စီပွားရေး လုပ်ငန်းရှင်တဦးက “အခု အစိုးရက လုပ်ငန်း တော်တော်များကို ပုဂ္ဂလိကကို လုပ်ကိုင်ခွင့် ပြုလိုက်တာကြောင့် FEC ဝယ်ပြီး အစိုးရဆီမှာ ပါမစ်လျှောက်စရာ မလိုတော့ဘူးလေ။ ပြောချင်တာက အစိုးရဋ္ဌာနအချို့နဲ့ လုပ်တဲ့အခါ FEC နဲ့ လုပ်ကြတယ်လေ။ အခုဆိုရင် FEC အသုံးပြုရတဲ့ လုပ်ငန်းတွေ နည်းသွားတယ််'' ဟု ပြောသည်။
FEC တန်ဖိုးကျဆင်းရခြင်းနှင့် ပတ်သက်၍မူ ငွေကြေးလဲလှယ်သည့်လုပ်ငန်း လုပ်ကိုင်သူတဦးက “FEC စျေးနှုန်းက အခုကျသွားတာက အစိုးရက ဒီဇယ် လုပ်ငန်းကို ပုဂ္ဂလိကကို ပေးလိုက်တာကြောင့်လည်း ဖြစ်မယ်။ ဒါ့အပြင် အစိုးရက FEC နဲ့ ဖွင့်ပြီး လေလံပစ်တဲ့ အခါမျိုးမှာ ဝယ်လိုအားများပြီး စျေးတက်တာပေါ့။ အခု အစိုးရ လေလံတွေ မရှိတော့လို့ ကျသွားတာ ဖြစ်မယ်” ဟု ပြောသည်။
စက်သုံးဆီဆိုင်နှင့် တင်သွင်းရောင်းချခွင့်ကို ပြုလိုက်ခြင်းအပြင် နောက်ကွယ်၌ မမြင်သာသည့် အခြားသော အကြောင်းအရင်းများကြောင့် FEC စျေးနှုန်း ယခုလို ကျဆင်းရခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်ရှိ စီးပွားရေး ပညာရှင်တဦးကလည်း ခန့်မှန်းသုံးသပ်သည်။
ပြည်ပနှင့် သွင်းကုန်ထုတ်ကုန် ပြုလုပ်သည့် လုပ်ငန်းများ၊ အင်တာနက် အသုံးပြုခ၊ ဖုန်း Bill ပေးဆောင်ခြင်းနှင့် ပြည်ပခရီးစဉ်အတွက် လေယာဉ်လက်မှတ် ဝယ်ယူသည့်အခါတို့တွင် FEC သို့မဟုတ် ဒေါ်လာဖြင့် သုံးစွဲနိုင်သည်။
အမေရိကန်ဒေါ်လာနှင့် တန်ဖိုးချင်း ညီမျှသည်ဟု ဆိုထားသော (နိုင်ငံခြား ငွေလဲသက်သေခံ လက်မှတ်) FEC ကို စစ်အစိုးရ ဗဟိုဘဏ်က ၁၉၉၃ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။ FEC ကို တယူနစ်၊ ၅ ယူနစ်၊ ၁ဝ ယူနစ်နှင့် ၂ဝ ယူနစ် စသည့် တန်ကြေး အသီးသီး ရှိသည်။