နယ်ခြားစောင့် တပ်အရေး ဝ’ ခေါင်းဆောင်နှင့် စရဖ တွေ့ဆုံ

နယ်ခြားစောင့် တပ်အရေး ဝ’ ခေါင်းဆောင်နှင့် စရဖ တွေ့ဆုံ
by -
ဖနိဒါ
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စဆွေးနွေးရန် စစ်ဖက်ရေးရာ လုံခြံုရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဥက္ကဋ္ဌ ပေါက်ယူချန်းတို့ ယနေ့ တွေ့ဆုံမည်ဖြစ်ကြောင်း ဝ’ အရာရှိတဦးထံမှ...

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စဆွေးနွေးရန် စစ်ဖက်ရေးရာ လုံခြံုရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဥက္ကဋ္ဌ ပေါက်ယူချန်းတို့ ယနေ့ တွေ့ဆုံမည်ဖြစ်ကြောင်း ဝ’ အရာရှိတဦးထံမှ သိရသည်။

စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်၊ အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်တို့၏ တွေ့ဆုံရန် ကမ်းလှမ်းမှုကို ကျန်းမာရေး အကြောင်းပြချက်ဖြင့် ဝ’ တပ်ဖွဲ့ ဥက္ကဋ္ဌက ၃ ကြိမ် ငြင်းဆိုခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း တန်ယန်းမြို့တွင် ယခုတွေ့ဆုံမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“ဒီနေ့ တွေ့ကြမယ်။ နာရီအတိအကျတော့ မသိသေးဘူး။ တန်ယန်းကို မနေ့က သွားလိုက်ကြပါပြီ။ ဒါပေမဲ့ သူတို့ပြောနေတဲ့ နယ်ခြားစောင့်တပ်က ဘာအကျိုးရှိမယ်လို့ မတွေ့သေးဘူး” ဟု UWSP ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA မှ ဗိုလ်မှူးတဦးက မဇ္စျိမကို ပြောသည်။

ဝ’ တပ်ဖွဲ့အနေဖြင့် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးပုံစံကိုလက်မခံပဲ တပ်ရင်းကို အခြေခံသည့် ဝမ်ဟုန်နှင့် ပန်ခမ်း စစ်ဒေသခွဲ ၂ ခုဖွဲ့ရန် အပါအဝင် ယခင်က တင်ပြခဲ့သော အချက် ၉ ချက်ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ဝ’ ဗိုလ်မှူးက ပြောသည်။

နအဖ ဘက်က လိုလားသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံတွင် တပ်ရင်းတရင်းအတွက် တပ်သားဦးရေ ၃၂၆ ဦးသာ ထားရှိစေလိုပြီး ထိုအထဲတွင် မြန်မာစစ်တပ်မှ အရာရှိ ၃ဝ ကို ထည့်သွင်းမည်ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့အဖွဲ့သည် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ ခေါ် မိုင်းလားအဖွဲ့ (အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ - NDAA) နှင့် ယနေ့ ညနေပိုင်း၌ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ဆက်လက်တွေ့ဆုံကြမည်ဟုလည်း ဆိုသည်။

တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇော်ကလည်း  ဝ’ ကိုယ်စားလှယ်အဖွဲ့တွင် ဥက္ကဋ္ဌ ပေါက်ယူချန်း အပါအဝင် ရ ဦးခန့်ဖြစ်ပြီး၊ မိုင်းလားအဖွဲ့မှာမူ ဒုဥက္ကဌ ဦးစံပေ့နှင့် ဦးစံလူတို့ ဖြစ်ကြောင်း ပြောသည်။

လက်ရှိ UWSA ဝ ၌ တိုက်ခိုက်ရေးအင်အား ၃ သောင်းခန့်ရှိပြီး မိုင်းလားအဖွဲ့ စစ်အင်အားသည် ၃ ထောင် ဝန်းကျင်ရှိသည်ဟု လေ့လာသူများက ခန့်မှန်းကြသည်။

ပြီးခဲ့သည့်နှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ စစ်အစိုးရက အပစ်ရပ်တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ကမ်းလှမ်းခဲ့ပြီး ယခင်နှစ် ဒီဇင်ဘာလကို နောက်ဆုံးထား ဆုံးဖြတ်ရန် ဝ’ တပ်ဖွဲ့ကို သတ်မှတ်ပေးခဲ့သည်။

UWSA သည် ဗမာပြည် ကွန်မြူနစ်ပါတီ - ဗကပ မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်၍ ထိုနှစ်အတွင်း စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည်။