ဘင်္ဂလားဒေ့ချ်-မြန်မာနယ်စပ်တွင် တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံဘက်မှ ဒုက္ခသည်များကို ဘင်္ဂလားဒေ့ချ် ဒေသခံ ဘင်္ဂါလီများက ငွေညှစ်တောင်းခံနေကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။
ယမန်နေ့က ကော့စ်ဘာဇာမြို့နယ် ဘာလူခါလီရွာအနီးရှိ တရားမဝင် မြန်မာဒုက္ခသည် ၁၂ ဦးကို ဒေသခံအချို့က ရဲစခန်းသို့ ပို့ဆောင်မည်ဟု ခြိမ်းခြောက်၍ ငွေတောင်းသဖြင့် တဦးလျှင် တာကာငွေ ၅ဝဝ စီ ပေးခဲ့ရကြောင်း ကော့စ်ဘာဇာ နေ့စဉ်ထုတ် သတင်းစာ The Deshbedesh (ပြည်တွင်း၊ ပြည်ပ) တွင်် ဖော်ပြထားသည်။
၎င်း ၁၂ ဦးမှာ နူဒူအဟာမွတ် Norul Aharmosh (၄၅ နှစ်) ၊ အာမီဟိုဆင် Armi Hossion (၄ဝ နှစ်)၊ ပထန်းခါတူး Pathan Khatue (၆၂ နှစ်)၊ မော်ဇူနာခပ်တူး Mozuna Khatue (၅၅ နှစ်)၊ အာလီ အဟာမွတ် Arli Aharmosh (၃ဝ နှစ်)၊ စိုသန်းအဟာမို့ချ် Sothem Aharmosh (၃ဝ နှစ်)၊ နူဒူဟိုဆင်း Norul Hossin (၁၈ နှစ်)၊ မိုနို်များ Mono Myer (၅ဝ နှစ်)၊ မိုဆိုသန်း Mosotem (၄၂ နှစ်)၊ ဘော်သရော် Botharour (၃၅ နှစ်) တ်ို့ ပါဝင်ကြောင်း သတင်းစာက ဆိုသည်။
ယခုလ ၁၇ ရက်နေ့ကလည်း ကော့စ်ဘာဇာခရိုင် ဦကီယာမြို့နယ်အတွင်း ကူတူပါလန်ရွာရှိ တရားမဝင် ဒုက္ခသည်စခန်း၌ နေထိုင်သူ ၁၅ ဦးကို ဦးကီယာနှင့် ကူတူပါလန်အကြား ဒေသခံ နိုင်ငံသားတစုက ဖမ်းဆီး၍ ငွေတောင်းရာ ငွေမပေးနိုင်သဖြင့် ဦးကီးယာ ရဲစခန်းသို့ အပ်နှံပြီးနောက် မြန်မာဘက်ခြမ်းသို့ ပို့ဆောင်ခဲ့ကြောင်း အဆိုပါ ဒုက္ခသည်စခန်းတွင် ဒုက္ခသည်များအရေး ကူညီဆောင်ရွက်နေသော မူဟာမက် ရိုဖစ်က မဇ္စျိမကို ပြောသည်။
“ကော့စ်ဘာဇာနဲ့ နေရာအသီးသီးမှာ အလုပ်သွားပြီး စခန်းကို ပြန်လာတဲ့အချိန် ဦးကီယာကနေ ကူတူပါလန်ကို လာတဲဲ့ ဂျစ်ကားကို တားပြီး ကားပေါ်က ပါလာတဲ့ လူတွေကို ရဲနဲ့ အရပ်သားတချို့ စစ်ဆေးတယ်။ အဲဒီနောက်မှာ ဒေသခံတွေကိုတော့ လွှတ်ပေးလိုက်တယ်။ ဒုက္ခသည်စခန်းက လူတွေကျ ငွေတောင်းတယ်။ ငွေမပေးတာနဲ့ သူတို့ကို ရဲကဖမ်းသွားပြီး နောက်ရက်မှာ တောင်ပြိုနယ်စပ်ကနေ မြန်မာဘက်ကို ပြန်လွှတ််လိုက်တယ်” ဟု သူက ဆိုသည်။
ပြန်ပို့ခံရသူ ၁၅ ဦးသည် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရသူများ နေထို်င်သည့် ကူတူပါလန် ဒုက္ခသည် စခန်းမှ အာမီဟူဆင် Armi Hssion (၃၂ နှစ်)၊ နိုဘီဟူဆင် Norul Hossion (၃၅ နှစ်)၊ မော်ဇီနာ Mozina အာဆယ် (၄ဝ နှစ်)၊ စိုးလင်း Solinn (၂၄ နှစ်)၊ အာဘလူဆလန် Arbu Salan (၃၅ နှစ်) တို့ ပါဝင်ပြီး ထိုအထဲတွင် အမျိုးသမီး ၃ ဦးလည်း ပါဝင်ကြောင်း သိရသည်။
ဦကီယာရဲစခန်းကို ဆက်သွယ်မေးမြန်းကြည့်ရာ တရားမဝင် မြန်မာနိုင်ငံသားများကို ဖမ်းပြီး၍ နေရပ်နိုင်ငံသို့ ပြန်ပို့သော်လည်း ငွေတောင်းခံခြင်း မရှိကြောင်း တာဝန်ကျ ရဲဝန်ထမ်း တဦးက မဇ္စျိမကို ပြောဆိုသည်။
ဘင်္ဂလား အစိုးရအနေဖြင့် စစ်တကောင်းဒေသ ဘန်တရိုဘန်နှင့် ကော့စ်ဘာဇာခရိုင်ရှိ တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးကာ နယ်စပ်မှတဆင့် ပြန်လည်ပို့ဆောင်နေသည်မှာ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။
ဒုက္ခသည်များကို UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) နှင့် ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံ အာဏာပိုင်များ ပူးပေါင်းပြီး မြန်မာနိုင်ငံသို့ ပြန်ပို့နေသည့် လုပ်ငန်းစဉ်သည် အောင်မြင်မည် မဟုတ်ဘဲ ဒုက္ခသည်များသာ မိုပိုဒုက္ခရောက်စေကြောင်း ဘင်္ဂလားဘာသာဖြင့် နေ့စဉ်ထုတ်ဝေသော The Daily Prothom Alo (ရောင်းခြည်ဦး) သတင်းစာမှ သတင်းထောက် Mr. Rana က မဇ္ဈိမနှင့် အင်တာဗျူးတခုတွင် ထောက်ပြပြောဆိုသည်။
“အဓိက မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ သူတို့ (ဒုက္ခသည်) တွေရဲ့ စာဝတ်နေရေးအတွက် အဆင်ပြေအောင် အလုပ်အကိုင်နဲ့ ဘဝလုံခြံုရေးအတွက် အာမခံဖို့လိုတယ်။ အဲဒီလို မဟုတ်ရင် နေရပ်ကို ပြန်ပို့တယ်။ ပြန်ပြေးလာမယ်။ ဒီလိုပဲ ဖြစ်နေမှာပဲ” ဟု သူက ပြောသည်။
မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်-ဘင်္ဂလားနယ်စပ်တွင် နေထိုင်ကြသည့် (၎င်းတို့ကိုယ် ၎င်းတို့ ရိုဟင်ဂျာဟု ခေါ်ဆိုသော) မူစလင်ဘာသာဝင်များသည် ဒေသအာဏာပိုင်များ၏ ဖိနှိပ်မှုများကြောင့် နေရပ်ကို စွန့်ခွာပြီး ဘင်္ဂလားဒေ့ချ်နိုင်ငံအတွင်း ထွက်ပြေးခိုလှုံနေခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ချ်တွင် UNHCR က အသိအမှတ်ပြုထားသည့် ဒုက္ခသည် ၃ဝဝဝဝ နီးပါးရှိပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမခံရဘဲ ဒေသတွင်း၌ ရရာအလုပ် လုပ်ကိုင်စားသောက်သော ဒုက္ခသည် ရ သိန်းနီးပါး ရှိမည်ဟု ဘဂ်လားဒေ့ချ် အစိုးရက ခန့်မှန်းထားသည်။
ဘင်္ဂလားဒေ့ချ်ရှိ ရိုဟင်ဂျာဒုက္ခသည်များသည် ယခင်ကထက် အကြမ်းဖက်ခံရမှုများနှင့် ရင်ဆိုင်နေရကြောင်း ပြင်သစ်အခြေစိုက် MSF (နယ်စည်းမခြား ဆရာဝန်များ အသင်း) က ပြောဆိုကြောင်း ယမန်နေ့ ဘီဘီစီ ဝက်ဘ်ဆိုက် သတင်း စာမျက်နှာတွင် ဖော်ပြခဲ့သည်။