စာရေးဆရာနှင့် ပရိတ်သတ်များ အင်တာနက်တွင် တွေ့မည်

စာရေးဆရာနှင့် ပရိတ်သတ်များ အင်တာနက်တွင် တွေ့မည်
by -
ဆလိုင်း ဟံသာစန်း
စာရေးဆရာများနှင့် ပြည်တွင်းပြည်ပရှိ စာဖတ်ပရိသတ်အကြား အင်တာနက်ပေါ်တွင် အမေး-အဖြေ ပြုလုပ်မည့် ကဏ္ဍတရပ်ကို ရန်ကုန်ရှိ "စာပေလောက" စာအုပ်တိုက်က ယခုလ ၁၂ ရက်နေ့တွင်...

စာရေးဆရာများနှင့် ပြည်တွင်းပြည်ပရှိ စာဖတ်ပရိသတ်အကြား အင်တာနက်ပေါ်တွင် အမေး-အဖြေ ပြုလုပ်မည့် ကဏ္ဍတရပ်ကို ရန်ကုန်ရှိ "စာပေလောက" စာအုပ်တိုက်က ယခုလ ၁၂ ရက်နေ့တွင် စတင်လိုက်သည်။

လစဉ်လတိုင်း စာရေးဆရာတဦးစီက အင်တာနက်ပေါ်တွင် စာဖတ်ပရိသတ်များ မေးမြန်းသည့် မေးခွန်းများကို ပြန်လည် ဖြေကြားပေးမည့် iView (New Link Of Readers to Writers) အမည်ရှိ အစီအစဉ်ကို စတင်လိုက်ခြင်း ဖြစ်သည်။

“အင်တာနက်ပေါ်မှာ ပရိသတ်တွေနဲ့ စာရေးဆရာတွေ ထိတွေ့ မေးမြန်းခွင့်ရအောင် စီစဉ်လိုက်တဲ့ သဘောပါ” ဟု စာပေလောက စာအုပ်တိုက်မှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

ပထမဆုံး ဖြေကြားပေးမည့် စာရေးဆရာမှာ နိုင်ငံကျော် စာရေးဆရာဖေမြင့် ဖြစ်ပြီး  ယခုလ ၁၂ ရက်နေ့မှ နောက်လ ၁၀ ရက်နေ့အတွင်း စာပေရေးရာနှင့် အခြား နှစ်သက်ရာ အကြောင်းအရာများကို www.sarpaylawka.com တွင် ဝင်ရောက် မေးမြန်းနိုင်သည်။

ပရိသတ်များ၏ မေးခွန်းများကို ဆရာဖေမြင့်က စုစည်းပြီး မကြာမီ ပြန်လည် ဖြေကြားသွားမည်။

ဆရာဖေမြင့်သည် ဘဝတက်လမ်း စာအုပ်များ၊ ဝတ္ထုတိုများ၊ ဘာသာပြန် ဝတ္ထုတိုများ၊ အတ္ထုပ္ပတ္တိများဖြင့် နာမည်ကျော်ကြားလာခဲ့ပြီး ယနေ့အထိ စာအုပ်ပေါင်း ၄၀ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

အမျိုးသားစာပေဆု (ဝတ္ထုတို ပေါင်းချုပ်ဆု) ကို ၁၉၉၅ ခုနှစ်တွင် “လူသုံးပစ္စည်း ရောင်းသူများနှင့် အခြားဝတ္ထုတိုများ” စာအုပ်ဖြင့် ရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် စာဖတ်ပရိသတ်များသည် စာရေးဆရာများကို စာပေဟောပြောပွဲများတွင်သာ ထိတွေ့ခွင့်ရသဖြင့် အင်တာနက်ပေါ်တွင် မေးမြန်းနိုင်သည့် အစီ အစဉ်သည် ကောင်းမွန်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူငယ်ပညာပေး စာပေများ ရေးသားသည့် စာရေးဆရာ ဒေါက်တာ ခင်မောင်ညိုက ဆိုသည်။

“ပရိသတ်နဲ့ စာရေးဆရာတွေက စာပေ ဟောပြောပွဲတွေ၊ စာဆိုတော်လမှာလုပ်တဲ့ စာပေဆွေးနွေးပွဲတွေမှာ ထိတွေ့ခွင့် ရကြပါတယ်။ အခုလို တိုးတက်လာတဲ့ ခေတ်အလျောက် အင်တာနက်ပေါ်မှာ တွေ့ဆုံ မေးမြန်းနိုင်တာကတော့ သိပ်ကောင်းတဲ့ အစီအစဉ်ပါပဲ” ဟု ဒေါက်တာခင်မောင်ညိုက ပြောသည်။

သူက ဆက်ပြီး “သူတို့ စာပိုဖတ်လာနိုင်မယ်။ သူတို့ရဲ့ ခွန်အားတွေကို နှိုးဆွပေးမယ့် ပုံစံမျိုး ရှိလာမယ်။ စာပေက ရတဲ့ အကျိုးကျေးဇူးတွေကို ပိုသိလာစေမယ်လို့ ထင်တယ်။ ဒါကြောင့် အများကြီး အကျိုးရှိတာပေါ့” ဟု ပြောသည်။

စာရေးဆရာများနှင့် ထိတွေ့မေးမြန်းနိုင်သည့် စာပေ ဟောပြောပွဲများ သွားရောက်ရန် အချိန်မရှိသဖြင့် ယခုလို အင်တာနက်တွင် မေးမြန်းနိုင်သည့် အစီအစဉ်အား နှစ်သက်ကြောင်း ရန်ကုန်မြို့ရှိ ဆရာဖေမြင့်၏ လူငယ်စာဖတ် ပရိသတ်တဦးက ပြောဆိုသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ လူငယ်စာဖတ်ပရိသတ် တဦးကလည်း “ဒီအစီအစဉ်အားဖြင့် စာရေးဆရာနဲ့ ကျနော်တို့လို လူငယ်တွေကြားမှာ ပိုပြီးတော့ ထိတွေ့ခွင့် ရလာမယ်။ ဒါကြောင့်မို့ ကျနော်တို့ကတော့ ကြိုဆိုလိုက်ပါတယ်” ဟု ပြောသည်။