အင်တာနက်လိုင်း နှေးကွေးသဖြင့် လုပ်ငန်းများ ထိခိုက်

အင်တာနက်လိုင်း နှေးကွေးသဖြင့် လုပ်ငန်းများ ထိခိုက်
by -
ခိုင်စု
အင်တာနက် ကွန်နက်ရှင် နှေးကွေးနေသဖြင့် ရန်ကုန်တွင် နိုင်ငံတကာနှင့် ဆက်သွယ်၍ လုပ်ကိုင်နေသော သွင်းကုန်ထုတ်ကုန် လုပ်ငန်းများ၊ အွန်လိုင်းမှတဆင့် အလုပ် လုပ်ကိုင်နေသူများ၏ လုပ်ငန်းများ ထိခိုက်နေကြောင်း...

အင်တာနက် ကွန်နက်ရှင် နှေးကွေးနေသဖြင့် ရန်ကုန်တွင် နိုင်ငံတကာနှင့် ဆက်သွယ်၍ လုပ်ကိုင်နေသော သွင်းကုန်ထုတ်ကုန် လုပ်ငန်းများ၊ အွန်လိုင်းမှတဆင့် အလုပ် လုပ်ကိုင်နေသူများ၏ လုပ်ငန်းများ ထိခိုက်နေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် လနှောင်းပိုင်းမှ စတင်၍ အင်တာနက်လိုင်း နှေးကွေးမှုသည် တဖြည်းဖြည်း ပိုမို ဆိုးရွာသောကြောင့် အင်တာနက် သုံးစွဲ၍ လုပ်ကိုင်နေသော နိုင်ငံတကာ ကုန်သွယ် စီးပွားလုပ်ငန်းရှင်များ၊ မီဒီယာလုပ်ငန်းများနှင့် ကျောင်းသား/သူများအတွက် ထိခိုက်မှု ရှိနေခြင်း ဖြစ်သည်။

“အွန်လိုင်းသုံးတာ စျေးသက်သာတယ်။ တဖက်နဲ့ချိတ်ဆက်ပြီး ကုန်ဝင် ကုန်ထွက်စာရင်း၊ စျေးနှုန်း အပြောင်းအလဲ ကြည့်ပြီး အချိန်နဲ့တပြေးညီ လုပ်ရတယ်။ နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်တာက တိတိကျကျ ချိတ်ဆက်ဆောင်ရွက်ရတယ်။ အွန်လိုင်းမကောင်းတဲ့အခါ  ဖက်စ်၊ ဖုန်းတို့ကို အသုံးပြုရတာပေါ့၊ အလုပ်ကိစ္စ နှောင့်နှေးတာတွေရှိသလို၊ တခါတလေ အလုပ်မဖြစ်တာတွေလည်း ရှိတယ်” ဟု ရန်ကုန်ရှိ နိုင်ငံခြားသို့ ပဲတင်ပို့ရောင်းချနေသူ တဦးက မဇ္စျိမကို ပြောသည်။

ရန်ကုန်ရှိ တလ တကြိမ်၊ တပတ် တကြိမ်ထုတ် ဂျာနယ်နှင့် မဂ္ဂဇင်းများသည်  ပြည်တွင်းသတင်းအပြင် နိုင်ငံတကာ သတင်းများကိုပါ ပုံနှိပ်ထုတ်ဝေရသဖြင့် အင်တာနက် ဆက်သွယ်ရေးလုပ်ငန်းမှာ များစွာအရေးပါနေသဖြင့် ၎င်းတို့အတွက်လည်း လုပ်ငန်းကြန့်ကြာနေရကြောင်း သိရသည်။

အပတ်စဉ်ထုတ် အားကစားဂျာနယ်တခုမှ သတင်းထောက်တဦးက “ကျနော်တို့က နောက်ဆုံးဖြစ်နေတဲ့ အားကစားသတင်းတွေကို အင်တာနက်ကရှာပြီး လုပ်နေရတာ။ အခုလို လိုင်းမကောင်းတဲ့ အခါကျတော့ သတင်းတွေအတွက် ရေးတာတွေကအစ ပရိသတ်ဆီကို ရောက်ဖို့အထိ နောက်ကျကုန်တယ်” ဟု မဇ္ဈိမကို ပြောသည်။

နိုင်ငံတကာသတင်း ရေးသားသူ သတင်းထောက် တဦးကလည်း “ကွန်နက်ရှင်က မကောင်းတဲ့အခါ သတင်းရှာရတာ အင်မတန် ဒုက္ခရောက်တယ်။ ကိုယ်လိုချင်တဲ့ သတင်းရဖို့ ဆိုက်တွေဖွင့်ရတာ အရမ်းကြာတယ်။ တခါတလေ လုံးဝ မရဘူး။ ပုံတွေ ဒေါင်းလုပ်လုပ်ရတာလည်း ဒီလိုပဲ။ ကျနော်တို့က ပရိသတ်တွေကို အချိန်မှန် သတင်းတွေ ပုံမှန်ပြောပေးနေရတာ၊  အရမ်း ဒုက္ခရောက်တယ်” ဟု ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြု၍ ပညာရှာနေသူများလည်း ရှိနေသဖြင့် ၎င်းတို့အတွက်ပါ အချိန်နှောင့်နှေးမှုများ ဖြစ်နေရသည်ဟု ရန်ကုန်တက္ကသိုလ်တွင် သတ္တဗေဒ မဟာဘွဲ့အတွက် လေ့လာနေသူ ကျောင်းသူတဦးက ပြောသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ အင်တာနက်အသုံးပြုသူတွေက အချင်းချင်း စကားပြောဖို့၊ ရည်းစားထားဖို့ social wesite တွေ လောက်ပဲ အသုံးများတယ်။ ကျမတို့က အပြင်က စာအုပ်စာတမ်းတွေ ဖတ်ရသလို အင်တာနက်မှာ နောက်ဆုံး တင်ထားတဲ့ စာတမ်းတွေကိုလည်း ရှာပြီး လေ့လာရသေးတယ်။ အခု လိုင်းမကောင်းတော့ ကောင်းတဲ့ အချိန်ကို စောင့်ရတယ်။ အဲဒီတော့ အချိန်ကုန်၊ ငွေကုန်တယ်” ဟု ပြောသည်။

ရန်ကုန်ရှိ အင်တာနက်ဆိုင်အချို့မှာလည်း ယခုကဲ့သို့ အင်တာနက်လိုင်း မကောင်းနေသည်မှာ ကြာမြင့်လာခဲ့သဖြင့် သုံးစွဲသူ ဦးရေ နည်းလာသောကြောင့် ဆိုင်ပိတ်ထားရသည်များလည်း ရှိနေသည်။

ပန်းဆိုးတန်းရှိ အင်တာနက်ဆိုင်တဆိုင်မှ ဝန်ထမ်းတဦးက ''ကွန်နက်ရှင်မကောင်းတော့ သိပ်မလာကြဘူး။ ဒီကြားထဲ မီးကလည်း တော်တော်ပြတ်တယ်။ မီးစက်နှိုးထားပြီး လူတယောက်ထဲ သုံးနေရင် မကိုက်ဘူးလေ။ မီးမလာရင် ဆိုင်ပိတ်ပြီး၊ မီးလာတဲ့အခါမှ ဖွင့်တယ်'' ဟု ပြောသည်။  

အလားတူ တနင်္သာရီတိုင်း မြိတ်မြို့ရှိ  အင်တာနက်အသုံးစွဲသူတဦးက “ကျနော်တို့ အိုင်ပီစတားနဲ့ သုံးနေတာ။ လုံးဝ မကောင်းဘူး။ ၅ မိနစ်တခါလောက် ကျလိုက်၊  တက်လိုက်ပေါ့။ ဒီမှာက လိုင်းမကောင်းတော့ ဆိုင်ကို လူမလာဘူး။ အင်တာနက် ကဖေးတွေအတွက် ဝင်ငွေ ထိတယ်” ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ MPT အမည်ဖြင့် အင်တာနက်ဝန်ဆောင်မှု ပေးထားရာမှ BMF ဆာဗာ ပြောင်းလဲပြုပြင်မှုကြောင့် ယခုလို အင်တာနက်လိုင်းများ နှေးကွေးနေရခြင်းဖြစ်ကြောင်း MPT လက်အောက်ရှိ မြန်မာတယ်လီပို့ တိုင်တန်းရေးဌာနက ယခုလဆန်းပိုင်းတွင် မဇ္စျိမကို ပြောဆိုခဲ့သည်။

MPT က  ADSL ၊  dial up  ၊ Wi Max ၊ IP star ၊ broadband အင်တာနက် ဆက်သွယ်မှု လိုင်းများကို အများပြည်သူ သုံးစွဲခွင့် ပြုထားပြီး အင်တာနက်လိုင်း ဝယ်ယူသုံးစွဲသူ ၆ သောင်းနီးပါး ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ခန့်မှန်းထားသည့် စာရင်းအရ သိရသည်။