ရန်ကုန် Lion City အထည်ချုပ်စက်ရုံ အလုပ်သမားများ လုပ်ခတိုးမြှင့်ပေးရေး ဒုတိယမြောက်နေ့ ယနေ့ ဆန္ဒပြပွဲသည် ပိုင်ရှင်နှင့် ပြေလည်မှုမရဘဲ ညနေ ၅ နာရီခွဲခန့်တွင် ရပ်ဆိုင်းသွားသည်။
အင်းစိန်မြို့နယ် ဆန်စက်လမ်းရှိ Lion City အထည်ချုပ်စက်ရုံ၌ ယမန်နေ့ ညနေပိုင်းတွင် အလုပ်သမား ၁ဝဝ ခန့် ဆန္ဒပြခဲ့ပြီးနောက် ယနေ့တွင် အလုပ်သမား ၈ဝ ခန့် ဆက်လက်ပြခဲ့ရာ စက်ရုံပိုင်ရှင်နှင့် ပြေလည်မှုမရဘဲ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။
''ဆန္ဒပြပွဲက ဒီညနေ ၅ နာရီခွဲ ကျော်ကျော်လောက်မှာ အလုပ်သမားတွေ ပြန်သွားကြတယ်။ စက်ရုံပိုင်ရှင်နဲ့တော့ သဘောတူညီချက်တွေ မရကြဘူး'' ဟု စက်ရုံအနီး နေထိုင်သူတဦးက မဇ္စျိမကို ပြောသည်။
အလုပ်သမားများက အများပြည်သူ ရုံးပိတ်ရက်များတွင် စက်ရုံပိတ်ပေးရန်၊ အချိန်ပိုကြေးကို လက်ရှိ တနာရီ ကျပ် ၁ဝဝ မှ ၂ဝဝ အထိ တိုးမြှင့်ပေးရန်၊ အခြေခံလစာကိုလည်း အနိမ့်ဆုံး ကျပ် ၂ သောင်းတွင် ထားရှိပေးရန် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
''ဒီနေ့ ၈ဝ လောက် ဆန္ဒပြတယ်။ ကျန်တဲ့ အလုပ်သမားတွေကလည်း အလုပ်မလုပ်ကြဘူး။ လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားတယ်'' ဟု ဆန္ဒပြစက်ရုံအနီး နေထိုင်သူတဦးက ပြောသည်။
Lion City ကို ကိုရီးယားနိုင်ငံသားတဦး ပိုင်ဆိုင်သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ခန့်မှန်းပြောဆိုကြသည်။
ယနေ့တွင် လုံခြံုရေးအဖြစ် အာဏာပိုင်များက လုံထိန်းကား ၁၅ စီး၊ ရဲကားတစီး၊ မီးသတ်ကားတစီးနှင့် အချုပ်ကားတစီး စေလွှတ်ခဲ့ကြောင်း သိရသည်။
ယနေ့ ဆန္ဒပြပွဲနှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် အလုပ်ရုံကို ဆက်သွယ်မေးမြန်းရာ ဝန်ထမ်းတဦးက ဖြေဆိုခွင့် မရှိကြောင်း ပြောသည်။
Lion City အထည်ချုပ် စက်ရုံတွင် အလုပ်သမား ၂ဝဝ ကျော် အလုပ်လုပ်ကိုင်နေကြသည်။
ထို့ပြင် ယနေ့တွင် လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်တွင်လည်း အလုပ်သမားရပိုင်ခွင့်အတွက် စက်ရုံလုပ်သားများ ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။