ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူခဲ့သော ဥပဒေသည် နိုင်ငံတကာ အဆင့်အတန်းနှင့် မကိုက်ညီကြောင်း ကုလလူ့အခွင့်အရေး အထူးသံ မစ္စတာ သောမတ်စ် အိုဂျေး ကွင်တားနားက ပြောဆိုလိုက်သည်။
လူထုခေါင်းဆောင်အား စွဲဆို ထားသည့် ၁၉၇၅ ခု “နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ” သည် အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းနှင့်လည်း ကိုက်ညီမှုမရှိ သူမ၏ ရှေ့နေ ၄ ဦးနှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
တရားရုံး၏ အမိန့်၊ တရား ဥပဒေ စစ်ဆေးမှုမပါဘဲ ချုပ်နှောင်ထားခွင့်ကို အဆိုပါ ဥပဒေက ခွင့်ပြုထားခြင်းကြောင့် ဖြစ်သည်ဟု ရည်ညွှန်း ပြောဆိုသွားကြောင်း ကုလအထူးသံနှင့် တွေ့ရာတွင် ပါဝင်သော ဦးဉာဏ်ဝင်းက ပြောသည်။
မစ္စတာ ကွင်တားနားသည် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်တို့နှင့် မြရိပ်ညို Royal ဟိုတယ်တွင် တနာရီကြာ တွေ့ခဲ့သည်။
“နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ” ကို ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေါ်ပေါက်လာသည့် ၁၉၇၅ ခု ပြည်သူ့ လွှတ်တော်မှ ဥပဒေ အမှတ် ၃ တွင် ပုဒ်မ ၁ဝ(က)၊ ၁ဝ(ခ) အဖြစ် ပြဌာန်းခဲ့ခြင်း ဖြစ်သည်။
ကာကွယ် စောင့်ရှောက်သည့် ဥပဒေဖြစ်ပြီး အရေးပေါ် အခြေအနေကို ကြေညာနိုင်ကာ နိုင်ငံသားများ၏ မူလ အခွင့်အရေးကို ကန့်သတ်နိုင်သည်ဟု ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အား ယင်းပုဒ်မဖြင့် ၅ နှစ်အထိသာ ချုပ်နှောင်ခွင့် ရှိကြောင်း၊ ထို့အပြင် ၁၉၈၈ ခုတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် ၁၉၇၄ အခြေခံ ဥပဒေသည် ပျက်ပြယ်သွားပြီ ဖြစ်သဖြင့် ၁၉၇၅ ဥပဒေသည်လည်း အလိုအလျောက် ပျက်ပြယ်ပြီ ဖြစ်ကြောင်း ဥပဒေ အတိုင်ပင်ခံ ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။
မစ္စတာကွင်တားနားက ယခုကဲ့သို့ စစ်အစိုးရ၏ ဥပဒေနှင့် မညီသော လုပ်ရပ်အား ဝေဖန်လိုက်ခြင်းကြောင့် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေ ထိခိုက်သွားနိုင်မည်ကို စစ်အစိုးရက အရေးကြီးသည်ဟု မယူဆနိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက သုံးသပ်သည်။
“UN က ဝေဖန်ချင်သလို ဝေဖန်။ ဒေါ်စုကိုဖမ်းတဲ့ ကိစ္စဟာ နိုင်ငံတကာ ဆက်ဆံရေး ပြေလည်တာ မပြေလာတာက အရေးမကြီးဘူး။ သူ့မဟာဗျူဟာ စဉ်းစားချက်တွေ၊ လုပ်ငန်းတွေ မထိရင်ပြီးရော” ဟု သူက ပြောသည်။
စစ်အစိုးရအနေဖြင့် အခြေခံ လူ့အခွင့်အရေးများကို ကန့်သတ်ထားသည့် ပြည်တွင်း ဥပဒေများကို ပြန်သုံးသပ်ရန်၊ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ထိန်းသိမ်းခံ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ စစ်တပ်အတွင်းတွင် လူ့အခွင့်အရေး အသိပညာပေးရန်၊ လွတ်လပ်သော တရားစီရင်မှုစနစ် ကျင့်သုံးရန် တို့ကို ယမန်နှစ်က ကွင်တားနားက တောင်းဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နှစ် ၂၀ အတွင်း ၁၄ နှစ်ကျော် ချုပ်နှောင်ခံထားရသည်။