မန္တလေး ကုန်သည်အသင်း နိုင်ငံရေး လုပ်ဖို့ပြင်

မန္တလေး ကုန်သည်အသင်း နိုင်ငံရေး လုပ်ဖို့ပြင်
by -
ဖနိဒါ
ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်သည့်အနေဖြင့် မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း MDCCI က အဖွဲ့ဝင်များအနေဖြင့် နိုင်ငံရေး ကင်းရှင်းရမည် ...

မဇ္စျိမ (ချင်းမိုင်) ။    ။ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်သည့်အနေဖြင့် မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း MDCCI က အဖွဲ့ဝင်များအနေဖြင့် နိုင်ငံရေး ကင်းရှင်းရမည်ဆိုသည့် စည်းကမ်းချက်ကို ဖျက်သိမ်းလိုက်သည်။

စစ်အစိုးရက စီးပွားရေးသမားများကို ရွေးကောက်ပွဲဝင်စေလိုသည့် ခြေလှမ်းကို အကောင်အထည် ဖော်သည့်အနေဖြင့် ယခုလ ရ ရက်တွင် ပြုလုပ်သည့် နှစ်ပတ်လည်အစည်းအဝေးတွင် သဘောတူ ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ တိုင်းနှင့် ပြည်နယ် အသင်းခွဲများတွင် ဒုတိယအင်အားအကြီးဆုံးဖြစ်သော Mandalay Division Chambers of Commerce and Industry (MDCCI)  တွင် အသင်းသားပေါင်း ၁၂၄ဝ ကျော်ရှိသည်။

“၂၃ ပုဒ်မတခု နှစ်ပတ်လည်နေ့မှာ အတည်ပြု ဖြုတ်လိုက်တယ်။ အရင်တုန်းကတော့ အမှုဆောင် တွေကို နိုင်ငံရေးနဲ့ ကင်းရှင်းမှ ခန့်မယ်လို့ ပြောတယ်လေ။ အခုဟာ ပြန်ဖွင့်ပေးတဲ့ သဘော” ဟု MDCCI မှ အဖွဲ့ဝင်တဦးက မဇ္စျိမကို ပြောသည်။

ရန်ကုန်အခြေစိုက် UMFCCI အသင်းချုပ်ကလည်း ယခင်နှစ် ၁၈ ကြိမ်မြောက် နှစ်ပတ်လည်အစည်း အဝေးမှ ပါတီနိုင်ငံနှင့် ပတ်သက်ခဲ့လျှင် အသင်းဝင်အဖြစ်မှ အလိုအလျောက် နှုတ်ထွက်ရမည်ဆိုသည့် အချက်များပါဝင်သော စည်းကမ်းချက် အပိုဒ် ၂၈/ဇ နှင့် အပိုဒ် ၃ဝ/စျ တို့ကို ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။

UMFCCI အသင်းဝင်တဦးက “အမတ်တွေ အရွေးခံမယ်ဆိုရင်လည်း ရတယ်ဆိုတာပေါ့။ အဲဒီ လမ်းကြောင်းအတွက်ကို ဖြုတ်တယ်လို့ ထင်တာပေါ့နော်” ဟု မဇ္ဈိမကို ပြောသည်။

ယခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲ၏ ကျင်းပမည့်နေ့ရက်ကို ကြေညာခြင်းမရှိသေးသော်လည်း စစ်အစိုးရဘက်က ဝင်အရွေးခံမည့် လက်ရှိဝန်ကြီးများ၊ အစိုးရနှင့် နီးစပ်သော အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များက ရွေးကောက်ပွဲအတွက် ပြင်ဆင်လှုပ်ရှားခွင့်ရထားကြသည်။

သို့သော် အဓိက အတိုက်အခံပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အခြေခံဥပဒေကို ပြင်ဆင်မှုပြုပြီး နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးမှသာလျှင် ရွေးကောက်ပွဲဝင်ပြိုင်ရန် ဆုံးဖြတ်ထားပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုထားသည်။

UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်သည်် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲတွင် သူ၏ဇာတိဖြစ်သော စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှ ဝင်ပြိုင်ရန် အလားအလာရှိသည်ဟု အသင်းဝင် စီးပွားရေးလုပ်ငန်း ရှင်တဦးက မဇ္ဈိမကို  ပြောသည်။

မန္တလေးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း MDCCI ကို မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၆ အရ ၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အသင်း၌ စည်းမျဉ်းပေါင်း ၃၉ ခု ရှိ သည်ဟု သိရသည်။