“စစ်မှန်တဲ့ ပြည်ထောင်စုဆိုတာ ဘာလဲ” ဆိုသည့် ခေါင်းစဉ်ဖြင့် ယနေ့ကျရောက်သည့် ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့တွင် မြန်မာပြည်တွင်းရှိ ပြည်နယ် နှစ်ပြည်နယ်မှ တက္ကသိုလ် ကျောင်းသူများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် တက္ကသိုလ်ကျောင်းသူ ဦးရေ ၃၀ ကျော်က မြစ်ကြီးနားမြို့ တနေရာတွင် လည်းကောင်း၊ မွန်ပြည်နယ် တက္ကသိုလ်ကျောင်းသူများ ဦးရေ ၂၀ ကျော်က သံဖြူဇရပ်မြို့တွင် လည်းကောင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“ပြည်ထောင်စုဆိုတာ ပင်လုံအပေါ်မှာ အခြေခံပြီးမှ ပေါ်လာတာဖြစ်တဲ့အကြောင်း၊ ပင်လုံရဲ့ အနှစ်သာရ၊ ပင်လုံရဲ့ စိတ်ဓာတ် အဲဒါတွေကို အရင်ပြော ဆွေးနွေးဖြစ်ကြတယ်။ ပြီးတော့မှ ပင်လုံမူနဲ့ အခု ဘယ်လောက်ထိ အလှမ်းကွာနေလဲ ဆိုတာတွေပေါ့။ နောက်ပြီးတော့ အခု ကျမတို့ လူငယ်တွေ ရောက်နေတဲ့ နိုင်ငံရဲ့ အခြေအနေက ပြည်ထောင်စု စစ်လား၊ မစစ်လားဆိုတာကို ကျမတို့ ဆွေးနွေးကြတယ်ရှင့်” ဟု မြစ်ကြီးနားတွင် ပြုလုပ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ကျောင်းသူတဦးက မဇ္စျိမကို ပြောသည်။
တိုင်းရင်းသား လူမျိုးများအပေါ်တွင် ထားရှိသည့် လက်ရှိ ပြည်ထောင်စု မူဝါဒ သဘောထားများမှာ တိုင်းရင်းသား အခွင့်အရေးများ တန်းတူခံစားခွင့် မရရှိခြင်းအကြောင်းနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိုင်းရင်းသား လူမျိုးများ ရပိုင်ခွင့် အခွင့်အရေး မရှိပုံများအကြောင်းလည်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ကျောင်းသူများက ပြောဆို ဆွေးနွေးခဲ့ကြသည်။
“စာချုပ်ချုပ်ခဲ့တာ၊ ပြည်ထောင်စု စုခဲ့တာ နှစ်ပေါင်း ၆၃ နှစ် ရှိပြီ။ တကယ်တမ်းဆို ပြည်ထောင်စု သက်တမ်း ရှည်ကြာလာတာနဲ့အမျှ ပိုပိုပြီးတော့ ကျစ်မာလာရမှာပေါ့နော်။ ဒါပေမဲ့ ကျမတို့မှာက အခုဟာက ပိုပိုပြီးမှ ဝေးကွာလာသလို ခံစားရတာပေါ့” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ကျောင်းသူကပင် ပြောပြသည်။
မြစ်ကြီးနားမြို့ တနေရာတွင်မူ ယနေ့နံနက်ပိုင်းမှစ၍ မွန်းလွဲပိုင်းအထိ ပြည်ထောင်စုနေ့ အကြောင်းကို အခြေခံ၍ ကျောင်းသူများက ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထို့အတူ မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင်လည်း တိုင်းရင်းသူ တက္ကသိုလ်ကျောင်းသူများက ပြည်ထောင်စုနေ့ အကြောင်း ဆွေးနွေးခဲ့ကြသလို၊ စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တပ်များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် အတင်းအဓမ္မ ဖိအားပေး လုပ်ခိုင်းနေခြင်းနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။
“အဓိကက စစ်မှန်တဲ့ စနစ်တခု ပေါ်ပေါက်လာဖို့က တိုင်းရင်းသား လူမျိုးစုတွေရဲ့ တပ်တွေကို နယ်ခြားစောင့်တပ်လုပ်ဖို့ အတင်းအကျပ် ဖိအားပေးနေတာတွေ ဖြစ်နေဦးမယ်ဆိုရင် စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ပေါက်လာဦးမှာ မဟုတ်ဘူး။ ကျမတို့က စစ်အစိုးရကို မေးချင်တာက နယ်ခြားစောင့်တပ်လုပ်ဖို့ ဖိအားပေးမှုတွေနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုဆိုတာ ဘာလဲ၊ ပင်လုံစိတ်ဓာတ်ကို ဘယ်လိုနားလည်လဲ ဆိုတာကို မေးချင်တယ်” ဟု ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ကျောင်းသူတဦးက မဇ္စျိမကို ပြောသည်။
ပြည်ထောင်စုသည် ပင်လုံစာချုပ်အပေါ်တွင် အခြေခံပြီး ပေါ်ထွက်လာခဲ့ခြင်းကြောင့် ပင်လုံ၏ အနှစ်သာရ၊ ပင်လုံစိတ်ဓာတ်များကို တိုင်းရင်းသား ပြည်သူလူထုများ ခံစားခွင့် မရရှိကြောင်းကိုပါ သူက ပြောဆိုသွားခဲ့သည်။
“အခုလက်ရှိ မြန်မာနိုင်ငံ အစိုးရက ပြည်ထောင်စုနေ့ ကျင်းပတဲ့အခါမှ တိုင်းရင်းသား အကတွေ ပါပါတယ်။ အဲဒီအကတွေ ကပြရုံနဲ့ ပြည်ထောင်စုနေ့အစစ် ဖြစ်ပြီလားဆိုတဲ့ အကြောင်းရယ်ပေါ့နော။ အဲဒါကြောင့်မို့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်သင့်တာပေါ့နော်” ဟု သူက ဆက်လက်ပြောဆိုသည်။
အလားတူပင် ယနေ့တွင် ရန်ကုန်မြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့တို့တွင်လည်း ပြည်ထောင်စုနေ့ အကြောင်း အခြေခံ၍ ကျောင်းသူ အမျိုးသမီးငယ်များ၏ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ သို့သော် အသေးစိတ် သိရှိနိုင်ရန် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ခေါ်ဆို၍ မရခဲ့ပါ။