စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တိုင်းရင်းသား အဖွဲ့အစည်းအချို့နှင့် နိုင်ငံရေးသမားအချို့ အင်အားတိုးချဲ့ခြင်း၊ စည်းရုံးခြင်း လုပ်ငန်းများ ပြုလုပ်ကာ ပြင်ဆင်နေကြောင်း သိရသည်။
ကချင်တိုးတက်ရေးပါတီ KSPP သည် ပါတီ အင်အားတိုးချဲ့ရန် စိုင်းပြင်းနေပြီး၊ ချင်းနိုင်ငံရေးသမားအချို့လည်း တိတ်တဆိတ် စည်းရုံးရေး လုပ်ငန်းများ ပြုလုပ်နေကာ မွန်ဒီမိုကရေစီ ပါတီမှာမူ ရွေးကောက်ပွဲ ဝင်ရောက်ရန် စစ်အစိုးရ ထုတ်ပြန်မည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ဒေါက်တာတူးဂျာ (KIO ဒုဥက္ကဋ္ဌဟောင်း) ဦးဆောင်သော ကချင်တိုးတက်ရေးပါတီ KSPP က အမျိုးသမီးရေးရာ ကော်မတီနှင့် လူငယ်ရေးရာ ကော်မတီတို့ဖြင့် အင်အားတိုးချဲ့ရန် မြစ်ကြီးနား လူငယ်များနှင့် ယခုလ ၉ ရက်နေ့တွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ပါတီတာဝန်ရှိသူတဦးက ပြောသည်။
KSPP တွင် ပါတီဝင် ၃၀၀၀ ဦးခန့် ရှိပြီး ဗဟိုကော်မတီဝင် ၃၉ ဦး ရွေးချယ်ခန့်အပ်ထားကာ၊ ကချင်ပြည်နယ် မြို့နယ် ၁၄ မြို့နယ်တွင် ကော်မတီဝင်များ ထားရှိ ကြောင်းနှင့် မြစ်ကြီးနား၊ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ဝိုင်းမော်၊ ချီဖွေ၊ မိုးညှင်း၊ မိုးကောင်း၊ တနိုင်းနှင့် ပူတာအို စသည့် မြို့နယ် ၁၀ မြို့နယ်တွင် ပါတီရုံးများ ဖွင့်လှစ် ထားပြီး ဖြစ်ကြောင်း သိရသည်။
တက်သစ်စ ချင်းနိုင်ငံရေးသမားများကလည်း မြို့နယ်ပေါင်း ရ မြို့နယ်တွင် စည်းရုံးရေး လုပ်ငန်းများကို တိတ်တဆိတ် ပြုလုပ်နေကာ ၂ဝ၁ဝ ခု ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြောင်း ချင်းအမျိုးသားတပ်ဦး CNF မှ အထွေထွေအတွင်းရေးမှူး (၁) ဆလိုင်းရွှေခါးက ပြောသည်။
“ရွေးကောက်ပွဲ ဥပဒေ မထွက်သေးတော့ တိတ်တဆိတ် လှုပ်ရှားနေတယ်။ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေပြီပေါ့နော်။ ချင်းပြည်နယ်မှာက ၉ မြို့နယ်ရှိတော့ ရ မြို့နယ်ကတော့ သေချာတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
မော်လမြိုင် အခြေစိုက် မွန်ဒီမိုကရေစီပါတီမှာမူ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးကို မဆုံးဖြတ် ရသေးသော်လည်း ပါတီ မူဝါဒလမ်းစဉ်များကို လစဉ်ဆွေးနွေးနေပြီး ရွေးကောက်ပွဲ ဥပဒေကို စောင့်နေကြောင်း ပါတီ ပြောခွင့်ရသူ နိုင်တင်အောင်က မဇ္ဈိမကို ပြောသည်။
မွန်ဒီမိုကရေစီပါတီကို မွန်ပြည်သစ်ပါတီ NMSP ဗဟို ကော်မတီဝင်ဟောင်းများ၊ ဖျက်သိမ်းခံ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းများ ပါဝင်သော ၁၅ ဦး စည်းရုံးရေး ကော်မတီကို ပြီးခဲ့သည့်နှစ် ဇွန်လ ၂၉ ရက်နေ့၌ ဖွဲ့စည်းခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD တို့က ၁၉၉ဝ ခု ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရန်နှင့် ၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးရန် စစ်အစိုးရကို တောင်းဆိုနေသော်လည်း တိုင်းရင်းသား ပါတီအချို့နှင့် ချင်းနိုင်ငံရေးသမားအချို့က ရွေးကောက်ပွဲ ဝင်ရေး အတွက် ပြင်ဆင်နေကြခြင်း ဖြစ်သည်။