မီးသင်္ဂြိုဟ်စားရိတ် ရ ဆ တိုးမည်

မီးသင်္ဂြိုဟ်စားရိတ် ရ ဆ တိုးမည်
by -
မင်းသက်နှင့် ဖနိဒါ
စည်ပင်အရာရှိက ပြည်တွင်း ဂျာနယ်တခုတွင် ငြင်းချက် ထုတ်နေသော်လည်း ရန်ကုန်ရှိ မီးသင်္ဂြိုဟ် စရိတ်များကို လာမည့် မတ်လမှစ၍ တိုးမြှင့်ကောက်ခံမှာ သေချာနေကြောင်း ယုံကြည်စိတ်ချရသော စည်ပင်သတင်းရပ်ကွက်က...

စည်ပင်အရာရှိက ပြည်တွင်း ဂျာနယ်တခုတွင် ငြင်းချက် ထုတ်နေသော်လည်း ရန်ကုန်ရှိ မီးသင်္ဂြိုဟ် စရိတ်များကို လာမည့် မတ်လမှစ၍ တိုးမြှင့်ကောက်ခံမှာ သေချာနေကြောင်း ယုံကြည်စိတ်ချရသော စည်ပင်သတင်းရပ်ကွက်က ပြောသည်။

၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှစ၍ မီးသင်္ဂြိုဟ်စက်များထားရှိရာ သုဿန်များရှိ အအေးခန်း အသုံးစရိတ် ၁၅ဝဝ နှင့် မီးသင်္ဂြိုဟ်စားရိတ် ၁ဝဝဝ ကျပ် ကောက်ခံနေရာမှ ရ ဆတိုးကောက်မည်ဟု စည်ပင်ဝန်ထမ်း တဦးက ပြောသည်။

“ကျနော်တို့ကတော့ အဲဒီသတင်းကို မှန်တယ်လို့ ကျနော်သိသလောက် ပြောချင်ပါတယ်” ဟု ရန်ကုန် စည်ပင်သာသာရေးကော်မတီမှ အမည်မဖော်လိုသူ ဝန်ထမ်းက မဇ္ဈိမကို ပြောသည်။

မီးသင်္ဂြိုဟ်စားရိတ် တိုးမြင့်ကောက်ခံမည် ဆိုခြင်းသည် ကောလဟလ သတင်းသာဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနမှူး အငြိမ်းစား ဗိုလ်မှူးကြီး ဦးချိုထွန်းအောင်က ပြည်တွင်းထုတ် ဆဲဗင်းဒေးဂျာနယ်တွင် ငြင်းဆိုထားသည်။

ရေဝေးသုဿန်နှင့် ထိန်ပင်သုဿန် အအေးခန်း တာဝန်ရှိသူများကမူ ယင်းကိစ္စနှင့်ပတ်သက်၍ “ဖြေဆိုပိုင်ခွင့်” မရှိကြောင်း ပြောသည်။

ယင်းသို့ တိုးမြှင့်ကောက်ခံမှု ဖြစ်လာပါက အလှူရှင်များမှ လှူငွေဖြင့် ဆောင်ရွက်ရသော နာရေး ကူညီမှု အသင်းများအတွက် ရပ်တည်ရန် အခက်အခဲများ ရှိလာနိုင်မည် ဖြစ်ကြောင်း နာရေးကူညီမှု အသင်းမှ တာဝန်ခံ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

“ထိခိုက်မှုတွေ အများကြီး ဖြစ်လာနိုင်မယ်။ အလှူငွေ နည်းနေရင်တော့ ကျနော်တို့ ဆက်လုပ်နိုင်မှာ မဟုတ်ဘူး။ သာမန်ပြည်သူတွေအတွက်လည်း အလောင်းသဂြိုဟ်ဖို့ အခက်အခဲတွေ အများကြီး ဖြစ် လာနိုင်မယ်”ဟု သူက  မဇ္ဈိမကို ပြောသည်။

ယင်းတို့၏ နာရေးကူညီမှုအသင်းသည် တနေ့လျှင် အနည်းဆုံး လူ ၅ဝ ဦးခန့် မီးသဂြိုဟ်ကာ တဦးလျှင် ကျပ် ၂ သောင်းခန့် ကုန်ကျသဖြင့် တနေ့လျှင် အနည်းဆုံး ကုန်ကျငွေ ကျပ် ၁ဝ သိန်းက အသုံးပြုနေရသည်ဟု သူက ဆက်ပြောသည်။

အလောင်းတလောင်းအတွက် ကုန်ကျငွေမှာ အလောင်းထားသည့် ဗန်း ၆ဝဝဝ ကျပ်၊ အအေးခန်းတွင် ၁ ရက် ထားခ ၁၅ဝဝ ကျပ်၊ မီးသင်္ဂြီုဟ်ခ ၁ဝဝဝ တခြား ကုန်ကျစရိတ် များ အပါအဝင် ၂ သောင်းခန့် ရှိသည်ဟု နာရေးကူညီမှုအသင်းက ဆိုသည်။

ရန်ကုန်မြို့အတွင်း သုဿန် ၁ဝ ခု ရှိပြီး အများအားဖြင့် မီးသင်္ဂြီုဟ်နေသော ရေဝေး၊ ထိန်ပင်၊ ထားဝယ်ချောင်၊ ကျည်စု စသည့် သုဿန်များသည် မီးထိုးဆီကို တဂါလံလျှင် ၂၅ဝဝ ကျပ်ဖြင့် အလောင်းပိုင်ရှင်များက ဝယ်ယူ အသုံးပြကြရကြောင်းလည်း သိရသည်။

ရေဝေးသုဿန်တွင် တနေ့လျှင် အလောင်း ရဝ မှ ၁ဝဝ ထိ မီးသင်္ဂြီုဟ်ကာ ထိန်ပင် သုဿန်သည် ဒုတိယအများဆုံး ဖြစ်သည်။