စက်သုံးဆီလုပ်ငန်း ပုဂ္ဂလိက လက်ထဲ လွှဲပေးမည်

စက်သုံးဆီလုပ်ငန်း ပုဂ္ဂလိက လက်ထဲ လွှဲပေးမည်
by -
ခိုင်စု
စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းကို ပုဂ္ဂလိကလက်ထဲ မကြာမီ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုမည်ဟု နေပြည်တော်ရှိ သက်ဆိုင်ရာ အာဏာပိုင်များက ယခုလ ၁၉ ရက်နေ့တွင်...

စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းကို ပုဂ္ဂလိကလက်ထဲ မကြာမီ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုမည်ဟု နေပြည်တော်ရှိ သက်ဆိုင်ရာ အာဏာပိုင်များက ယခုလ ၁၉ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

လာမည့် မတ်လ ၃၁ ရက်နေ့ မတိုင်မီ စက်သုံးဆီ ရောင်းဝယ်ရေးကို လွှဲပြောင်းပေးမည့် အကြောင်းကို စက်သုံးဆီ တင်သွင်းနေသူများအား နေပြည်တော်သို့ ဆင့်ခေါ်ကာ အသိပေးခဲ့ခြင်း ဖြစ်သည်။

“ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းမယ့်အကြောင်း ခေါ်ယူအသိပေးခဲ့တာပါ။ အခု အစပဲ ရှိပါသေးတယ်။ ဆီလုပ်ငန်းရှင်များအသင်းကို မကြာခင် ဖွဲ့စည်းမှာပါ။ နေပြည်တော် အစည်းအဝေးက စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်များအသင်း ဖွဲ့ဖို့ ညွှန်ကြားခဲ့တာပါ” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တဦးက မဇ္စျိမကို ပြောသည်။

အဆိုပါ အသင်းကို မကြာမီ ရက်ပိုင်းအတွင်း ဖွဲ့စည်းနိုင်ရန် စီစဉ်နေပြီး အသင်းဥက္ကဋ္ဌအဖြစ် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇနှင့် ဒုဥက္ကဋ္ဌအဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ သားတဦးက တာဝန်ယူမည်ဟု သူက ဆက်ပြောသည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စက်မှုနှင့် ကုန်သည် အသင်းချုပ် UMFCCI ကလည်း စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းကို ပုဂ္ဂလိက လက်ထဲ လွှဲပြောင်းရောင်းချရေးနှင့် ပတ်သက်၍ အသင်းဝင်များကို ယခုလ ၂၂-၂၃ ရက်နေ့များတွင် ခေါ်ယူအသိပေးကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း MPPE သို့ မဇ္စျိမက ဆက်သွယ်မေးမြန်းကြည့်ရာတွင် အရာရှိကြီးတဦးကမူ ''ကျနော်တို့ မသိပါဘူး။ တရားဝင် စာထွက်လာမှ ထုတ်ပြန်လို့ ရပါမယ်'' ဟု ပြောဆိုသည်။ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းကို ၂၀၀၈ ခုနှစ်အထိ စစ်အစိုးရက ထိန်းချုပ်ခဲ့ပြီး၊ ထိုနှစ် နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ပြီးနောက် စက်သုံးဆီ လိုအပ်ချက်ကြောင့် အာဏာပိုင်များနှင့် ဆက်နွယ်သော လုပ်ငန်းရှင် အနည်းငယ်ကို တင်သွင်းခွင့်ပြုခဲ့ကာ၊ ၂၀၀၉ ခုနှစ် အောက်တိုဘာလမှ စတင်၍ ပို့ကုန်ဝင်ငွေ ရှိသူတိုင်းကို တင်သွင်းခွင့်ပြုခဲ့သည်။

၂၀၀၈ ခုနှစ်တွင် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များ ပါ၀င်သော ဒီဇယ် တင်သွင်း ရောင်းချသူများအသင်း (ယာယီ) ကို ဖွဲ့စည်းခဲ့ပြီး တင်သွင်းခွင့် ရရှိရန် ကြိုးပမ်းနေသည့် လုပ်ငန်းရှင်များကို လမ်းညွှန်မှုများ ပေးခဲ့သည်။ ထိုအဖွဲ့ကို တရားဝင် ဖွဲ့စည်းခြင်း မဟုတ်သော်လည်း ဦးဆောင်သူများမှာ အာဏာပိုင်များနှင့် အကျွမ်းတဝင်ရှိသဖြင့် သြဇာရှိသော အသင်းတခု ဖြစ်ခဲ့သည်။ သို့သော် ၂၀၀၉ အောက်တိုဘာတွင် စစ်အစိုးရက ပြည်ပ ပို့ကုန်ဝင်ငွေ ရှိသူတိုင်းကို ဒီဇယ်တင်သွင်းခွင့် ပေးလိုက်ပြီးနောက် ထိုအဖွဲ့မှာ အလိုအလျောက် ပျက်ပြယ်ခဲ့ပြီးဖြစ်သည်။

ထို ၂၀၀၈-၂၀၀၉ ကာလအတွင်း စစ်အစိုးရအကြီးအကဲနှင့် ရင်းနှီးသည့် စီးပွားရေး လုပ်ငန်းရှင် ဖြစ်သည့် ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ၊ သတ္တုတွင်းလုပ်ငန်း လုပ်ကိုင်သည့် ငွေဗျိုင်းဖြူကုမ္ပဏီ ပိုင်ရှင် ဦးသိန်းဝင်းဇော်အပြင် အာဏာပိုင်များနှင့် နီးစပ်သည့် အခြား ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်များသည် အကြီးအကျယ် တင်သွင်းခွင့် ရရှိခဲ့ကြောင်း အမည်မဖော်လိုသူ စက်သုံးဆီ တင်သွင်းသူ တဦးက ပြောသည်။