အာဆီယံသွင်းကုန် ၉ဝ အား တရုတ်က အခွန်ကင်းလွတ်ခွင့်ပြု

အာဆီယံသွင်းကုန် ၉ဝ အား တရုတ်က အခွန်ကင်းလွတ်ခွင့်ပြု
by -
ကျော်သိင်္ခ
အရှေ့တောင် အာရှနိုင်ငံများအသင်းမှ တင်သွင်းသော သွင်းကုန် အမျိုးအစား ၉ဝ အပေါ် တရုတ်က အခွန်ကင်းလွတ်ခွင့် ပေးလိုက်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက််မှုလက်မှု ...

ချင်းမိုင် (မဇ္စျိမ)။    ။ အရှေ့တောင် အာရှနိုင်ငံများအသင်းမှ တင်သွင်းသော သွင်းကုန် အမျိုးအစား ၉ဝ အပေါ် တရုတ်က အခွန် ကင်းလွတ်ခွင့် ပေးလိုက်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက််မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ယနေ့ ပြောသည်။  

UMFCCI မှ အမည်မဖော်လိုသူ အမှုဆောင်အရာရှိတဦးက “တရုတ်က အာဆီယံကနေ တင်သွင်းတဲ့ ပို့ကုန် တွေထဲက ထုတ်ကုန်  ၉ဝ ကို အခွန်ကင်းလွတ်ခွင့်ပေးမယ်လို့ ပြောတာပါ။ အဲဒီထဲမှာတော့ သိပ်အရေးမကြီးတဲ့ ကုန်ပစ္စည်းတွေကိုပဲ ပေးတာပါ။ သိပ်အရေးကြီးတဲ့ ပစ္စည်းတွေတော့ မပါဘူးပေါ့။” ဟု မဇ္စျိမကို ပြောသည်။  

အာဆီယံနိုင်ငံများမှ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင် နဲ့ ထိုင်းနိုင်ငံတို့ သည် အာဆီယံ-တရုတ် ကုန်သွယ်မှုတွင် ရှေးဦးစွာပါဝင်ပြီး၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ် နိုင်ငံတို့သည်လည်း ၂ဝ၁၅ ခုနှစ်တွင် ပါဝင် ကုန်သွယ်လာနိုင်ရန် အားယူနေသည်။

အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်မှုဇုန် (CAFTA) ထူထောင်ရေး သဘောတူစာချုပ်ကို ၂ဝဝ၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဘရူနိုင်နိုင်ငံတွင် ရ ကြိမ်မြောက်ကျင်းပသော အာဆီယံအစည်းအဝေး၌ တရုတ်နှင့် အာဆီယံနိုင်ငံများ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး၊ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက်ဝင်လာခဲ့သည်။

သို့သော် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများအနေနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ နှင့် စီးပွားရေးအရ ယှဉ်ပြိုင်ရာတွင် အားနည်းချက်များရှိ နေသေးသဖြင့် ယှဉ်ပြိုင်နိုင်ရန် မလွယ်ကူကြောင်း မြန်မာ့စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။  

စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ခင်မောင်ညို - ဘောဂဗေဒ) က  လွတ်လပ်စွာကုန်သွယ်မှု နှင့် ပက်သက်၍ “အခွန်လျှော့တာနဲ့ စပေမယ့်၊ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်မှာ စံချိန် စံညွှန်းတွေ တညီတညွတ်တည်းဖြစ်ရေး၊ အခွန်မဟုတ် တခြားနည်းနဲ့ လုပ်ထားတဲ့ အဟန့်အတားတွေ ဖယ်ရှားရေး၊ ဝန်ဆောင်မှု နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လွတ်လွတ်လပ် လပ် စီးဆင်းရေးဆိုတဲ့ ကိစ္စတွေ ကျန်နေပါသေးတယ်” ဟု မဇ္စျိမ သို့ ပြောသည်။

ထို့ပြင် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော နိုင်ငံများမှ အငယ်စား နှင့် အလတ်စားလုပ်ငန်းများအနေနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှ လုပ်ငန်း များနှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း၊ အရင်းအနှီးမရနိုင်၊ နည်းပညာတွင်လည်း နောက်ကျ၊ အခြားနိုင်ငံများမှ သတ်မှတ်ထား သော စံချိန်စံညွှန်းများအား ကောင်းစွာမသိ၊ မလိုက်နာနိုင်သည့်အပြင်၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအ ဆောက်အအုံများ၊ ဆက်သွယ်ရေးနည်းပညာ ညံ့ဖျင်းသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများက ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် လွတ်လပ်စွာကုန် သွယ်ရာတွင် ထိခိုက်မှုများနိုင်ကြောင်းလည်း ပြောသည်။  

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ ဒေါ်ဆင်းသိင်္ဂ ီ က “အခုလို Free Trade (လွတ်လပ်စွာကုန်သွယ်မှု) ကတော့ ကောင်းတယ်။ ဒါပေမယ့် ပြိုင်ရမှာကတော့ ဒီ အာဆီယံနိုင်ငံတွေ အချင်းချင်းပဲပေါ့။ ပြိုင်တဲ့အခါမှာ ကိုယ့်ပစ္စည်းက Quality ကောင်းဖို့၊ စျေးနှုန်းအရ ပြိုင်နိုင်ဖို့ပေါ့။ တရုတ်က အခွန်ကို လွှတ်ပေးပေမယ့်၊ စားသုံးသူက ကိုယ်တင်ပို့မယ့် ကုန်ပစ္စည်းကို ကွာလတီ မကောင်းလို့ မကြိုက်ရင် ဝယ်မှာမဟုတ်ဘူး။ အဓိကတော့ ထုတ်လုပ်မှုအခြေခံချင်းတူတဲ့ နိုင်ငံအချင်းချင်း ပြိုင်ရမှာပေါ့” ဟု မဇ္စျိမ ကို ပြောသည်။  

ထိုင်းနိုင်ငံတက္ကသိုလ်တခုတွင် စီးပွားရေး ဒေါက်တာဘွဲ့လေ့လာနေသော ကျောင်းသူတဦးက “မြန်မာပါ ပါမယ်ဆိုရင် မြန်မာ အနေနဲ့  Exchange Rate (နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေလဲနှုန်း) ကို အရင်ပြင်ရမှာ။" ဟု ပြောသည်။

” ကိုယ်နဲ့ အရောင်းအဝယ်လုပ်မယ့် Partner ကို ဘယ်လို Incentive (မက်လုံး) ပေးမလဲဆိုတဲ့ စဉ်းစားစရာတခု ဝင်လာတာပေါ့။ အဲဒီ Exchange rate ပြဿနာကို မရှင်းနိုင်သေးသရွေ့ကတော့ ဘယ်လိုပဲ စီမံကိန်းကြီးကို လုပ်လုပ် အောင်မြင်မယ်လို့တော့ မထင်ဘူး” ဟု သုံးသပ်သည်။  

တရုတ်နိုင်ငံ နှင့် အာဆီယံဒေသတွင်း နိုင်ငံများအကြား ၂ဝဝ၃ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ ကုန်သွယ်မှု တန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၃ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း အာဆီယံ ဖွံ့ဖြိုးမှုဘဏ်မှ ထုတ်ပြန်သော စာရင်းအရ သိရသည်။

အာဆီယံနိုင်ငံများကုန်သွယ်ရာတွင် ဂျပန်က ပထမ ဖြစ်ပြီး၊ ဥရောပ သမဂ္ဂက ဒုတိယ ဖြစ်ကာ တရုတ်က အမေရိကန်ကိုအစားထိုးပြီး တတိယနေရာသို့ တက်လှမ်းလာခဲ့သည်။