စစ်အစိုးရနှင့် ငြိမ်းအဖွဲ့များကြား ရင်မအေးဖွယ် ကြံုနေ

စစ်အစိုးရနှင့် ငြိမ်းအဖွဲ့များကြား ရင်မအေးဖွယ် ကြံုနေ
by -
ဆလိုင်းဟံသာစန်း
ငြိမ်းအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို အဆိုပါအဖွဲ့များက ငြင်းဆန်ခဲ့အပြီး နှစ်ဖက်ကြား တင်းမာနေ ...

နယူးဒေလီ (မဇ္ဈိမ)။     ။ ငြိမ်းအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို အဆိုပါအဖွဲ့များက ငြင်းဆန်ခဲ့အပြီး နှစ်ဖက်ကြား တင်းမာနေကြသော်လည်း အေးဆေး ငြိမ်သက်လျက် ရှိသည်ဟု အကဲခတ်များ၏ အပြောအရ သိရသည်။

စစ်အစိုးရနှင့် လက်နက်ကိုင် အပစ်ရပ်အဖွဲ့များအကြား မြင်သာထင်သာရှိသော တင်းမာမှုများ ရှိမနေသော်လည်း စစ်အစိုးရက နောက်တလှမ်း လှမ်းရန်အတွက် ဆက်လက်ပြီး လျှို့ဝှက် ပြင်ဆင်နေသည်ဟု တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ယမန်နေ့က မဇ္ဈိမကို ပြောသည်။

ဖြုတ်ထုတ်ခံရသော ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့် UWSA ခေါင်းဆောင် ပေါက်ယူချန်း''သူတို့ (စစ်အစိုးရ) က အခုတော့ ငြိမ်နေတာပဲ။ အပစ်ရပ်အဖွဲ့တွေကို ဘယ်လိုဖြိုခွဲရမယ်ဆိုတာ သူတို့ စဉ်းစားနေကြတာ၊ အခြေအနေက သူတို့ ကနဦး ထင်ထားသလောက် မလွယ်ဘူးဖြစ်နေတယ်'' ဟု ဦးအောင်ကျော်ဇောက တွက်ချက်ပြောဆိုသည်။

စစ်အစိုးရသည် အပစ်ရပ်အဖွဲ့ ၁၇ ဖွဲ့ကို စစ်အစိုးရ အုပ်ချုပ်မှုအောက်တွင် ထားရှိမည့် နယ်ခြားစောင့် တပ်များအဖြစ် ပြင်ဆင်ဖွဲ့စည်းရေး အတွက် ၂ဝဝ၉ ခုနှစ် ဧပြီလက စတင် ကမ်းလှမ်းခဲ့သည်။

ဒီမိုကရေစီသစ်တပ်မတော် - ကချင် (NDA-K) အပါအဝင် ငြိမ်းအဖွဲ့အနည်းငယ်က အဆိုပါ ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြသော်လည်း ပိုမိုအင်အားကြီးမားသော ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ကဲ့သို့သော အဖွဲ့ကြီးများက လက်မခံ ငြင်းဆန်ခဲ့ကြသဖြင့် စစ်အစိုးရ၏ အစီအစဉ် ရပ်တန့်သွားခဲ့ရသည်။

အပစ်ရပ်အဖွဲ့အားလုံး လိုအပ်သော အပြောင်းအလဲများ ပြုလုပ်ထားကြရန် နောက်ဆုံးရက်အဖြစ် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလကို စစ်အစိုးရက အစောပိုင်းတွင် သတ်မှတ်ထားခဲ့သော်လည်း အဖွဲ့ အများအပြားက အဆိုပါ အစီအစဉ်ကို ငြင်းဆန်ခဲ့ကြပြီးနောက်ပိုင်းတွင် နောက်ဆုံးရက်ကို ၂ဝဝ၉ ခုနှစ်ကုန်အထိ ရွှေ့ဆိုင်းပေးခဲ့ရသည်။

''ဒီအဖွဲ့တွေကို အကြမ်းကိုင်လို့ မရဘူးဆိုတာ သူတို့သိသွားတော့ အခု သူတို့ (စစ်အစိုးရ) မဟာဗျူဟာကို အချိန်ယူပြန်စဉ်းစားနေရပြီ'' ဟု ဦးအောင်ကျော်ဇောက ပြောသည်။

အဖြေပေးရန် သတ်မှတ်ထားသည့် နောက်ဆုံးရက် ကျော်လွန်လာခဲ့ပြီဖြစ်သော်လည်း စစ်အစိုးရနှင့် လက်နက်ကိုင် အပစ်ရပ်အဖွဲ့တို့အကြား အခြေအနေမှာ အေးချမ်းလျက်ပင်ရှိသေးကြောင်းနှင့် နှစ်ဖက်စလုံးက လုံခြံုရေးများ တိုးမြှင့်လုပ်ဆောင်သည့် အနေအထားများ မတွေ့ရသေးကြောင်း ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့်သတင်းစဉ် (SHAN) ၏ အယ်ဒီတာ ဦးစိန်ကြည်၏ အပြောအရ သိရသည်။

''စစ်အစိုးရဘက်က လက်လျှော့သွားတယ်လို့တော့ ကျနော်မထင်ဘူး။ ဒါပေမဲ့ကျနော်ထင်တာ သူတို့က နောက်တလှမ်းလှမ်းဖို့ အခု အသာနောက်ဆုတ်ထားလိုက်တယ်လို့ ထင်တယ်'' ဟု ဦးစိန်ကြည်က ပြောသည်။

စစ်အစိုးရအနေဖြင့် အပစ်ရပ်အဖွဲ့များအပေါ် အဓိက စစ်ရေးထိုးစစ်ကြီးများ လုပ်လိမ့်မည် မဟုတ်သော်လည်း စစ်အစိုးရ အသုံးပြုမည့် အမြင်သာဆုံး မဟာဗျူဟာမှာ အဆိုပါအဖွဲ့များကို ခွဲထုတ်ပစ်လိုက်ရန် ကြိုးစားကာ အလွယ်တကူ အနိုင်ရအောင် ကြိုးပမ်းမည့် အလားအလာရှိနေသည်ဟု သူက ပြောသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက စစ်အစိုးရက ကိုးကန့်တပ်မတော်ဟုလည်း သိကြသော ဖုန်ကျားရှင် ဦးဆောင်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အဆိုပါအဖွဲ့အတွင်း ဖုန်ကျားရှင် ဦးဆောင်သော အဖွဲ့နှင့် ပိုင်စိုချိန် ဦးဆောင်သော အဖွဲ့ဟူ၍ အောင်မြင်စွာ ခွဲထုတ်နိုင်ခဲ့သည်။

ထို့နောက် စစ်အစိုးရက ပိုင်စိုချိန်ကို ကိုးကန့်အဖွဲ့၏ ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ခဲ့ပြီး ဖုန်နှင့် အဖွဲ့ကိုမူ တရားခံပြေးများအဖြစ် ကြေညာခဲ့သည်။ ဤအဖြစ်အပျက်ကို အကဲခတ်များက လက်နက်ကိုင် တိုင်းရင်းသားများကို အနိုင်ယူရာတွင် စစ်အစိုးရ အသုံးပြုလေ့ရှိသည့် စံကျသော နည်းပရိယာယ်တရပ်အဖြစ် ပြောဆိုကြသည်။

ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက် စစ်အစိုးရက သူတို့တပ်ဖွဲ့ အမြောက်အမြားကို UWSA အဖွဲ့ ထိန်းချုပ်ရာ နယ်မြေအနီး ရှမ်းပြည်မြောက်ပိုင်းတွင် ပြောင်းရွှေ့တပ်စွဲစေခဲ့သည်။ ထို့ကြောင့် အကြီးဆုံး လက်နက်ကိုင် အပစ်ရပ်အဖွဲ့နှင့် စစ်အစိုးရတပ်ဖွဲ့များအကြား ကြီးမားသော စစ်ပွဲကြီးတရပ် မကြာမီ ပေါ်ပေါက်တော့မည်ဟု ခန့်မှန်းတွေးဆမှုများ ပေါ်ပေါက်လာစေခဲ့သည်။

သို့သော် ထိုသို့ နှစ်ဖက်လုံးမှ စစ်ရေးပြင်ဆင်မှုများရှိနေပြီး နယ်ခြားစောင့်တပ်အရေး မပြီးပြတ်သေးသော်လည်း ဝ'တပ်ဖွဲ့ကိုသော်၎င်း၊ အခြားအပစ်ရပ်အဖွဲ့များကိုသော်၎င်း၊ စစ်အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်မည့် အရိမ်အယောင်များ ပြသခဲ့ခြင်း မရှိဟု ဦးစိန်ကြည်က ပြောသည်။

''လက်နက်ကိုင် အပစ်ရပ်အဖွဲ့တွေအပေါ် ကြီးကြီးမားမား ထိုုးစစ်ဆင်တိုက်ခိုက်မယ့် အလားအလာ မရှိဘူးလို့ ကျနော် ထင်တယ်။ သူတို့မှာလည်း ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေရတာနဲ့ အလုပ်ရှုပ်နေကြတာ။ ဖြစ်နိုင်တာ အပစ်ရပ်အဖွဲ့တွေနဲ့ ကိစ္စကို နောက်မှကိုင်မယ်။ ပထမတော့ အစိုးရသစ်ဖွဲ့ရေး ကိစ္စကိုပဲ အရင်လုပ်လိမ့်မယ်လို့ ထင်တယ်'' ဟု သူက ဆက်လက်ပြောဆိုသည်။

အလားတူပင် KIO က စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့ရေး အဆိုပြုချက်ကို ငြင်းဆန်လိုက်သော်လည်း နှစ်ဖက်အကြား စစ်ပွဲဖြစ်ပွားမည့် အရိပ်အယောင် မတွေ့ရသေးကြောင်းဖြင့် ထိုင်းအခြေစိုက် ကချင်သတင်းဌာန အယ်ဒီတာ နော်ဒင်းက ပြောသည်။

''အခုလောလောဆယ် ရွေးကောက်ပွဲကိစ္စနဲ့ အလုပ်ရှုပ်နေတာကြောင့် စစ်ရေးအရ ထိုးစစ်ဆင်တာက စစ်အစိုးရအတွက် နောက်ဆုံးလမ်း ဖြစ်လိမ့်မယ်။ ကျနော်ထင်တယ်၊ ဒီကိစ္စကို နောက်မှဖြေရှင်းဖို့ စစ်အစိုးရက ခဏခေါက်ထားလိမ့်မယ်'' ဟု နော်ဒင်းက ပြောသည်။

သို့သော် အပစ်ရပ်အဖွဲ့များကိစ္စ စစ်အစိုးရက အလျှော့မပေးမှာကတော့ သေချာကြောင်းနှင့် ဤအဖွဲ့များ အပေါ် သူတို့သြဇာတည်အောင် အနှေးနှင့် အမြန်ဆိုသလို နည်းပရိယာယ်များ ချမှတ် လုပ်ဆောင် လာလိမ့်ဦးမည်ဟု သူက ဆက်လက်ပြောဆိုသည်။

သို့သော် အခြားတဖက်တွင် အပစ်ရပ်အဖွဲ့များဘက်က ကြည့်လျှင် သူတို့ ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင် လာခဲ့သော အရေးကိစ္စကို အလျှော့ပေးလိုက်သလိုဖြစ်မည့် အဆိုပါ ကမ်းလှမ်းချက်ကို လက်ခံရန်မှာ လွန်စွာ ခဲယဉ်းလှကြောင်း သူက ဆိုသည်။

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေး အဆိုပြုချက်အရ တပ်ရင်းတရင်းစီတွင် အင်အား ၃၂၆ ဦး ရှိမည်ဖြစ်ကာ မြန်မာ့တပ်မတော်ဘက်မှ စစ်သား ၃ဝ ဦး ပါဝင်မည်ဖြစ်သည်။

တပ်ဖွဲ့ဝင်အားလုံး၏ လစာကို ဗဟိုအစိုးရက ထုတ်ပေးမည်ဖြစ်ကာ အုပ်ချုပ်မှုအရလည်း မြန်မာ့ တပ်မတော်၏ လက်အောက်တွင်ပင် ရှိမည်ဖြစ်သည်။

(မုံပီး တည်းဖြတ်သည်။)