ရထားလမ်းအတွက် ဥယျာဉ်နှင့် လယ်မြေ သိမ်းယူ

ရထားလမ်းအတွက် ဥယျာဉ်နှင့် လယ်မြေ သိမ်းယူ
by -
ငြိမ်ချမ်း
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်အကြား ဖောက်လုပ်နေသော ရထားလမ်းပိုင်း တခုအတွက် ဥယျာဉ်ခြံနှင့် လယ်မြေ ဧက ၃၀၀ ခန့်ကို ဒေသအာဏာပိုင်များက သိမ်းပိုက် ဖောက်လုပ်နေကြောင်း....

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်အကြား ဖောက်လုပ်နေသော ရထားလမ်းပိုင်း တခုအတွက် ဥယျာဉ်ခြံနှင့် လယ်မြေ ဧက ၃၀၀ ခန့်ကို ဒေသအာဏာပိုင်များက သိမ်းပိုက် ဖောက်လုပ်နေကြောင်း စုံစမ်းသိရှိရသည်။

ယခုလဆန်းတွင် စတင်ဖောက်လုပ်နေသော ရထားလမ်းအတွက် ပုဏ္ဏားကျွန်းမြို့နယ်တွင်းရှိ ကျောက်ဆိပ်၊ ယုံငုံ၊ ကွမ်းတောင်၊ ယိုးတရုတ်၊ ဆင်အင်းကြီးနှင့် ကြံခင်းရွာများ ဆက်စပ်နေသည့် ၁၆ မိုင်ခန့်အတွင်းရှိ ဥယျာဉ်နှင့် လယ်မြေများ အသိမ်းခံရခြင်း ဖြစ်သည်။

“အောက်တိုဘာ လကုန်ပိုင်းလောက်က ကျနော်တို့ဆီကို (နပခ - အနောက်ပိုင်း စစ်ဌာနချုပ်) တိုင်းမှူး ရောက်လာပြီး အရင်တိုင်းထားတဲ့ ရထားလမ်းအတိုင်း မဖောက်ဘဲ ပြန်ပြင်ဖောက်ဖို့ အင်ဂျင်နီယာအဖွဲ့နဲ့ ပြန်ပြီး တိုင်ပင်တဲ့နောက်မှာ ဒေသခံတွေရဲ့ မြေတွေ ပါသွားတယ်” ဟု အမည်မဖော်လိုသည့် ပုဏ္ဏားကျွန်းရှိ အမည်မဖော်လိုသူ မယက ရုံးစာရေးတဦးက ပြောသည်။

အင်ဂျင်နီယာအဖွဲ့က ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ရထားလမ်း တိုင်းထွာရေး ပြုလုပ်ရာ ဒေသခံများပိုင်သည့် လယ်မြေများကို ရှောင်ကွင်း၍ ဖောက်လုပ်ရန် သတ်မှတ်ခဲ့သည်။

သို့သော် ရထားလမ်းမှာ ပိုမိုရှည်လျားလျှင် ကုန်ကျစရိ်တ်များသည်ဟုဆို၍ နပခတိုင်းမှူး ဗိုလ်ချုပ် သောင်းအေးက လမ်းကြောင်းပြင်ခိုင်းသဖြင့် ပြီးခဲ့သည့်လဆန်းတွင် ပြင်ဆင်တိုင်းထွာခဲ့ပြီးနောက် မြေဧက ၃၀၀ ခန့် ရထားလမ်း ဧရိယာအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။ သို့သော် ထိုမြေဧကအားလုံးအတွက် ပိုင်ရှင်ဦးရေ မည်မျှရှိကြောင်း မသိရပါ။

ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့ ရထားလမ်းသည် မိုင် ရဝ ခန့် ရှည်လျားပြီး၊ အသိမ်းခံရသည့် မြေများသည် ပုဏ္ဏားကျွန်းမြောက်ဘက် တမိုင်ခန့်အကွာရှိ ကျောက်ဆိပ်မှ ကြံခင်းရွာအထိ ၁၆ မိုင်ခန့် အကြားတွင် တည်ရှိသည်။ ရထားလမ်း အကျယ်မှာ ပေ ၄ဝ ဖြစ်သည်။

“ပြည်သူတွေကတော့ဗျာ၊ အချင်းချင်း တီးတိုးတီးတိုး ပြောရုံလောက်ကလွဲပြီး ဘာမှ မတတ်နိုင်ကြဘူးဗျ။ အထက်ကို တိုင်ရင်လည်း ကူညီဖြေရှင်းပေးတာတွေ မရှိတာရယ်၊ ကာယကံရှင်တွေကိုယ်တိုင်က ဗဟုသုတ နည်းတာရယ်၊ ကူညီတိုင်ကြားပေးမယ့် လူတွေမရှိတာရယ်ကြောင့် ဒီအတိုင်းပဲ ကြည့်နေကြရတာပေါ့ဗျာ” ဟု ဘင်္ဂလား-မြန်မာ နယ်စပ်သို့ ရောက်ရှိလာသည့် ကျောက်ဆိပ်ရွာသား တဦးက မဇ္စျိမကို ပြောသည်။

ဥယျာဉ်နှင့် လယ်မြေများ ရထားလမ်းဖောက်ရာတွင် ပါသွားသဖြင့် ဒေသခံများအနေဖြင့် စားဝတ်နေရေးအတွက် အဓိက အားပြုလုပ်ကိုင်နေသည့် စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက်ရကြောင်း ပုဏ္ဏားကျွန်းမြို့မှ လုပ်ငန်းရှင် တဦးဖြစ်သူ ကိုတင်မောင်အေးက ပြောသည်။

သူက “ဒီဘက်မှာက စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ပဲ စားဝတ်နေရေးကို ရပ်တည်ကြရတာ များတယ်။ အခုလို စီးပွားရေး ကျပ်တည်းတဲ့ အခြေအနေမှာ ပင်မလုပ်ငန်းတွေ ဆုံးရှုံး၊ လျော့နည်းသွားရတော့ အခြေအနေကို ပိုဆိုးဖို့ပဲ ရှိတယ်” ဟု ဆိုသည်။

ယခု ၂ မြို့နယ်ကြား ဖောက်လုပ်သည့် ရထားလမ်းသည် မိုင်ပေါင်း ၃၇ဝ ကျော် ရှည်လျားသည့် စစ်တွေနှင့် မင်းဘူးအကြား ရထားလမ်းပိုင်းတခုလည်း ဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်းမှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်းမြို့များကို ဖြတ်သန်းသွားမည်ဖြစ်ပြီး ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖောက်လုပ် ခဲ့ခြင်း ဖြစ်သည်။

စစ်တွေ-မင်းဘူးလမ်းပိုင်း၏ အစဖြစ်သည့် ၁၂ မိုင်ရှည်လျားသော စစ်တွေ-ရေချမ်းပြင် ရထားလမ်းကို ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကိုယ်တိုင် လာရောက် ဖွင့််လှစ် ပေးခဲ့သော်လည်း တလခန့်အကြာတွင် မိုးရွာသွန်းမှုကြောင့် ပျက်စီးခဲ့ကာ ရထားပြေးဆွဲမှု ခေတ္တ ရပ်ဆိုင်းခဲ့ရသေးသည်။