အယူခံအရေး ဒေါ်စု ရှေ့နေများနှင့် တွေ့

အယူခံအရေး ဒေါ်စု ရှေ့နေများနှင့် တွေ့
by -
ဖနိဒါ
နေအိမ်အချုပ် ပြစ်ဒဏ် အပေါ် ပြင်ဆင်ရေး အယူခံအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများ ယနေ့ နှစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးကြသည်။ လာမည့် ၁၈ ရက်နေ့၌ ဗဟိုတရားရုံးတွင် အယူခံ အပြီးသတ် လျှောက်လဲချက် ပေးရေး အတွက် ရှေ့နေ...

နေအိမ်အချုပ် ပြစ်ဒဏ် အပေါ် ပြင်ဆင်ရေး အယူခံအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများ ယနေ့ နှစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးကြသည်။

လာမည့် ၁၈ ရက်နေ့၌ ဗဟိုတရားရုံးတွင် အယူခံ အပြီးသတ် လျှောက်လဲချက် ပေးရေး အတွက် ရှေ့နေ ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းတို့ နှစ်ဦးဖြင့် မွန်းလွဲပိုင်းမှစ၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဆွေးနွေးကြခြင်း ဖြစ်သည်။

သို့သော် ယခင်က ပါဝင် ဆွေးနွေးခွင့်ရခဲ့သော ရှေ့နေ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ကိုမူ ရဲသတင်းတပ်ဖွဲ့က ကန့်သတ် တားမြစ်လိုက်သည်။

“ကျနော်တို့ ၂ နာရီကနေ ၄ နာရီထိ တွေ့ခွင့် ရခဲ့ပါတယ်။ အဓိကတော့ ၁၈ ရက်နေ့ လျှောက်လဲမဲ့နေ့ ပြောသင့် ပြောထိုက်တာတွေ ဥပဒေ အချက်အလက်တွေကို ဆွေးနွေးခဲ့တယ်။ ” ဟု သူမ၏ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေး ဆိုခွင့်လည်းရှိသူ တဦးဖြစ်သော ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။

ဒီိမိုကရေစီ ခေါင်းဆောင်က သူမ၏ အိမ်အတွင်းသို့ ခိုးဝင်လာသော အမေရိကန် နိုင်ငံသား ဂျွန်ယက်တောအား ဧည့်ခံသဖြင့် မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။  သို့သော် ဆိုင်းငံ့ပြစ်ဒဏ်နှင့် နေအိမ်အကျယ်အချုပ် ၁၈ လ သို့ ပြင်ဆင်ခဲ့သည်။

သူမက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပျက်ပြယ်ပြီး ဖြစ်သဖြင့် ယင်း ဥပဒေအရ စီရင်ခြင်းမှာလည်း တရားမဝင်ကြောင်း တင်ပြထားသည်။

တရားလိုအစိုးရဘက်ကမူ ၁၉၇၄ ခု အခြေခံဥပဒေသည် ရပ်ဆိုင်းသွားသော်လည်း တချို့သာ ပျက်ပြယ်သွားခြင်း ဖြစ်သည်ဟု ပြန်လည်၍ စောဒက တက်ခဲ့ကြသည်။

ပြီးခဲ့သည့် ယခင်လက ဒေါ်အောင်ဆန်းစု၏အိမ်ကို ပြင်ဆင်နေခြင်းအား အကိုဖြစ်သူ ဦးအောင်ဆန်းဦးက ကန့်ကွက်ထားမှုနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။