နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာပြည်တွင်း အင်တာနက် အသုံးပြုသူများ ဖတ်ရှု၍ မရအောင် စစ်အစိုးရက တင်းကျပ်စွာ ပိတ်ပင်ထားခဲ့သည့် မဇ္စျိမသတင်းဌာန၏ အင်တာနက် ဝက်ဘ်ဆိုဒ် အပါအဝင် သတင်းဝဘ်ဆိုဒ်များ၊ ဘလော့ဂ်များ ပြန်လည်ပွင့်လာနေသည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုနောက်ပိုင်း စစ်အစိုးရက တင်းကျပ်စွာ ပိတ်ဆို့ခဲ့သည့် သတင်းနှင့် နိုင်ငံရေး ဘလော့ဂ်၊ ဝက်ဘ်ဆိုဒ်တချို့ကို ယခုလဆန်းပိုင်းမှ စတင်၍ မြန်မာပြည်တွင်း မြို့နယ်တချို့၌ ဝင်ရောက်ကြည့်ရှု၍ ရရှိလာခြင်း ဖြစ်သည်။
မဇ္စျိမ၊ Youtube ၊ ဘလော့ဂ်များတွင် ဒေါက်တာလွဏ်းဆွေ၊ နစ်နေမန်း၊ စက်တင်ဘာ ထာဝရ၊ ကိုထိုက်၊ စိုးစံရာ စသည်တို့ကို ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်း ဖျာပုံမြို့မှ အင်တာနက် အသုံးပြုသူများက ပရောက်ဆီ ခေါ် ကြားခံ ပရိုဂရမ် မပါဘဲ တိုက်ရိုက် ဖတ်ရှု သုံးစွဲ၍ ရနေသည်။
“ဝက်ဘ်ဆိုဒ်တွေ အကုန်ဖွင့်လို့ရနေလို့ ကျနော် အံ့သြနေတာ။ ဒီဇင်ဘာ လကုန်အထိ မရဘူး။ ဒီလ အစပိုင်းကနေ ဒီနေ့အထိပဲ။ အခုတောင် Youtube ကနေ သီချင်းဒေါင်းလုပ် ယူနေတာ” ဟု ရန်ကုန်မြို့ရှိ အင်တာနက် အသုံးပြုလေ့ရှိသူ ကုမ္ပဏီ ဝန်ထမ်းတဦးက မဇ္စျိမကို ပြောသည်။
သို့သော် အင်တာနက် ဆက်သွယ်ရေး လမ်းကြောင်းကွဲများ ရှိနေသည့် လမ်းကြောင်း အကုန်လုံး ဖွင့်ပေးလိုက်သည်လား၊ နည်းပညာပိုင်းဆိုင်ရာ မှားယွင်းမှုကြောင့်လား ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးပေ။
“ကျနော်တို့က စစ်တပ် အုပ်ချုပ်ရေးအောက်မှာ နေ့တိုင်း နေလာခဲ့တာ နှစ် ၂၀ ကျော်နေပြီ။ ဒီတော့ ဒီလို အခွင့်အရေးပေါ်မှာ ဘာခံစားချက်မှ မရှိဘူး။ ဝက်ဘ်ဆိုဒ်တွေ၊ Youtube တွေ ဖွင့်လို့ ရတာလောက်လေးက ပျော်စရာလည်း မဟုတ်သလို၊ ဝမ်းနည်းစရာလည်း မဟုတ်ပါဘူးဗျာ” ဟု သူက ဆိုသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီရှိ စက်တင်ဘာ ထာဝရ ဘလော့ဂ်ပိုင်ရှင် အရှင်ထာဝရကမူ “ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေ တခဏ ကြည့်ရင်လည်း တန်ဖိုးရှိပါတယ်။ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေကို ဦးဇင်းတို့ ဘလော့ဂ်တွေကို ကြည့်တယ် ဆိုတာထက် ပြည်သူသိဖို့က အရေးကြီးပါတယ်” ဟု မိန့်ဆိုသည်။
၂၀၀၇ ခု စက်တင်ဘာလတွင် သံဃာတော်များက စစ်အစိုးရကို ဆန္ဒပြခဲ့သည့် လှုပ်ရှားမှုကို အကြမ်းဖက် ဖြိုခွဲခဲ့သည့် လုပ်ရပ်ကို ပြည်တွင်းရှိ တက်ကြွ လှုပ်ရှားသူများ၊ အင်တာနက် သုံးစွဲသူများက သတင်းနှင့် ဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများကို ပြည်ပ သတင်းဌာနများနှင့် လူကြည့်များသည့် နိုင်ငံရေး ဘလော့ဂ်၊ ဝက်ဘ်ဆိုဒ်များသို့ ပေးပို့ခဲ့သဖြင့် ကမ္ဘာတဝှမ်းသို့ အလျင်အမြန်ပင် ပျံ့နှံ့ခဲ့သည်။
ထို့ကြောင့် မြန်မာ့ ဆက်သွယ်ရေးက လက်အောက်ခံများဖြစ်ပြီး အင်တာနက် ဝန်ဆောင်မှုပေးသည့် MPT နှင့် Myanmar tele-port တို့သည် အင်တာနက် website အများအပြားကို ပိုမို ပိတ်ဆို့လာခဲ့သဖြင့် အသုံးပြုသူများ အခက်အခဲ ဖြစ်ခဲ့ရသည်။
“ကျနော့်အထင်တော့ အခုလို ဖွင့်ပေးတာဟာ အလကားတော့ မဖြစ်နိုင်ဘူး။ နောက်ကွယ်မှာ တခုခု အစိုးရက ကြံစည်နေတာ ဖြစ်နိုင်တယ်။ ဒီနိုင်ငံရေး ဆိုဒ်တွေ ဘယ်သူတွေ ကြည့်ကြသလဲဆိုတာ အနံ့ခံချင်လို့ရော မဖြစ်နိုင်ဘူးလား။ ဒါက ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး။ ဒါကြောင့် တိုက်ရိုက် ကြည့်ခွင့်ရလည်း အရင်လိုပဲ Proxy ခံပြီး သုံးသင့်တယ်လို့ မြင်တယ်” ဟု နိုင်ငံရေး သတင်းများ ဖတ်ရှုလေ့ရှိသူ မန္တလေးမြို့ခံတဦးက မဇ္စျိမကို ပြောသည်။
မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲနိုင်သည့် မြို့ပေါင်း ၃၆ မြို့ရှိကြောင်း မဇ္စျိမ သုတေသနပြုချက်အရ သိရသည်။
ရန်ကုန်သည် အင်တာနက် သုံးစွဲသူ စုစုပေါင်း၏ ၈၅ % ခန့် ရှိနေပြီး၊ တရားဝင် အင်တာနက် ကဖေးဆိုင် ၃၅၀ ခန့်ဖြင့် အများဆုံးရှိသော မြို့လည်း ဖြစ်၏။
စစ်အစိုးရက မန္တလေးတိုင်း ပြင်ဦးလွင် (မေမြို့) အနီးတွင် ရတနာပုံ တယ်လီပို့ အမည်ရှိ ပုဂ္ဂလိက အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီကို နိုင်ငံပိုင် လုပ်ငန်းဖြစ်သည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဝန်ဆောင်မှု လုပ်ငန်း ၄ မျိုးဖြစ်သော အင်တာနက် ဝန်ဆောင်မှု၊ အီးမေးလ် ဝန်ဆောင်မှု၊ လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် စက်ပစ္စည်း တပ်ဆင်ရေး လုပ်ငန်းများကို လုပ်ကိုင်ရန် ပြီးခဲ့သည့်လအတွင်းက တရားဝင် ခွင့်ပြုခဲ့သည်။
ကမ္ဘာ့ အထင်ရှားဆုံး အင်တာနက် ကုမ္ပဏီကြီး Google က အခမဲ့ ဝန်ဆောင်မှု ပေးထားသည့် blogspot.com ကို မြန်မာဘာသာ ဘလော့ဂ် ရေးသားသူ အများစုက သုံးစွဲလေ့ရှိသည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)