အငြိမ်းစား ပညာရေး ဝန်ထမ်းစာရင်း ကောက်ခံ

အငြိမ်းစား ပညာရေး ဝန်ထမ်းစာရင်း ကောက်ခံ
by -
ခိုင်စု
ရခိုင််ပြည်နယ် မြို့တော် စစ်တွေနှင့် တောင်ကုတ်မြို့တွင် အငြိမ်းစား ပညာရေး ဝန်ထမ်းများ၏ စာရင်းကို အာဏာပိုင်များက ယခုလဆန်းမှ စတင်၍...

ရခိုင််ပြည်နယ် မြို့တော် စစ်တွေနှင့် တောင်ကုတ်မြို့တွင် အငြိမ်းစား ပညာရေး ဝန်ထမ်းများ၏ စာရင်းကို အာဏာပိုင်များက ယခုလဆန်းမှ စတင်၍ လိုက်လံ ကောက်ခံနေကြောင်း သိရသည်။

“ကျမက အငြိမ်းစား ယူထားတာ ၃ နှစ်ရှိပြီ။ ပညာရေးရုံးလူတွေလာပြီး ဘယ်တုန်းက ပင်စင်ယူလဲ၊ အသက်၊ ပြီးတော့ လက်ရှိ မိသားစုဝင် စာရင်းတွေကို မေးသွားတယ်။ သူတို့တွွေ ရွေးကောက်ပွဲအတွက် လာကောက်တယ် ဆိုရင်လည်း  တကယ်တမ်း လုပ်တဲ့အခါ ကိုယ်ကြိုက်တဲ့ ပါတီကိုပဲ မဲပေးမှာပါ” ဟု တောင်ကုတ်မြို့မှ ဒေသခံ အငြိမ်းစား ကျောင်းဆရာမ တဦးက မဇ္စျိမကို ပြောသည်။

စစ်တွေမြို့တွင်လည်း အငြိမ်းစား ပညာရေး ဝန်ထမ်းများ၏ စာရင်းကို ကောက်ခံနေကြောင်းနှင့် ဤသည်မှာ ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် စာရင်းကောက်ခြင်း ဖြစ်နိုင်ကြောင်း စစ်တွေဒေသခံ ကျောင်းဆရာ တဦးက ပြောသည်။

သူက “စာရင်းက ဒီလထဲမှာ ကောက်နေတာ။ အငြိမ်းစား ပညာရေး ဝန်ထမ်းတွေရဲ့ စာရင်းက သူတို့ဆီမှာ ရှိပြီးသားပါ။ အခု လိုက်ကောက်တယ် ဆိုတာကလည်း လက်ရှိ သက်ရှိထင်ရှားရှိနေတဲ့ လူတွေစာရင်းပေါ့။ ဒါတွေကို စာရင်း ကောက်တာကလည်း ရွေးကောက်ပွဲအတွက် ရည်ရွယ်ပြီး လုပ်တာပါ။ ဆန္ဒ ခံယူပွဲတုန်းကလည်း ဒီလိုပဲ ဝန်ထမ်း အင်အားကို၊ မဲကို ထောက်ခံမဲအဖြစ် ဖန်တီးခဲ့ကြတာပဲလေ” ဟု ပြောသည်။

အခြားသော ဌာနပေါင်းစုံမှ ဝန်ထမ်းများ၏ စာရင်းကို ကောက်ခံခြင်း မရှိသေးကြောင်း သိရသည်။

စစ်တွေမြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းတဦးက “ကျမတို့ဆီမှာတော့ မကောက်သေးဘူး။ တခြားဋ္ဌာနက သူငယ်ချင်းတွေက သူတို့ဆီမှာ ကောက်နေပြီလို့ ပြောတယ်။ ကျမတို့ဆီမှာလည်း မကြာခင် လာကောက်မယ် ထင်တယ်” ဟု ပြောသည်။

အလားတူပင် ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွင်လည်း ၁၈ နှစ်နှင့်အထက် လူဦးရေ စာရင်း၊ မိသားစုဝင်ဦးရေ၊ နိုင်ငံခြားသို့ သွားရောက်နေသူများနှင့် တိုင်းပြည်တွင်း ရပ်ဝေးတွင် နေထိုင်သူများ စာရင်းကို ကောက်ခံနေကြောင်း ထိုမြို့နယ်တွင်းရှိ ရပ်ကွက်ကောင်စီ ဥက္ကဋ္ဌ တဦးက ပြောသည်။

၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်အစိုးရက ကြေညာနေသော်လည်း မည်သည့်အချိန်တွင် ကျင်းပမည့် အကြောင်း အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသလို၊ ရွေးကောက်ပွဲ ဥပဒေများကိုလည်း ကြေညာခြင်း မရှိသေးပါ။