ကချင် သတင်းစာကို အစိုးရတပ်က တည်းဖြတ်

ကချင် သတင်းစာကို အစိုးရတပ်က တည်းဖြတ်
by -
ဖနိဒါ
ကချင်ဘာသာဖြင့် နှစ်စဉ် ထုတ်ဝေလာခဲ့သော  “JInghpaw Mungdaw Nsen” (ဂျိန်းဖော သတင်းစာ) စာစောင်ကို ယခုနှစ်တွင် အစိုးရတပ်က ဦးဆောင် တည်းဖြတ်မှုများ...

ကချင်ဘာသာဖြင့် နှစ်စဉ် ထုတ်ဝေလာခဲ့သော  “JInghpaw Mungdaw Nsen” (ဂျိန်းဖော သတင်းစာ) စာစောင်ကို ယခုနှစ်တွင် အစိုးရတပ်က ဦးဆောင် တည်းဖြတ်မှုများ ပြုလုပ်နေသည်။

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲ ကျင်းပရေး ကော်မတီက ထုတ်ဝေသော သတင်းစာတွင် ပါရှိသော သတင်း၊ ဆောင်းပါးများ အားလုံးကို ဗမာလို ပြန်ဆိုပေးရပြီး တည်းဖြတ်မှုကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်သားများလက်သို့ အပ်ထားကြရသည်။

“ဒီနှစ်တော့ Editing ကို သူတို့တိုင်းက စစ်ဗိုလ်၊ စစ်သားတွေပဲ လာလုပ်နေတယ်။ အင်္ဂလိပ်လို ရေးထားတဲ့ ဆောင်းပါးတွေ၊ ကချင်လိုရေးတာတွေ အကုန်လုံး ဗမာလို ပြန်ပေးရတယ်” ဟု မနောပွဲ ကျင်းပရေး ကော်မတီဝင်တဦးက မဇ္ဈိမကို ပြောသည်။

စစ်တိုင်းဌာနချုပ် လိုချင်သည့်အတိုင်း မလိုက်နာလျှင် စာစောင် ထုတ်ခွင့်မပေးဟု ပြောဆိုခဲ့သည်။

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျရောက်သော ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲကို ဇန်နဝါရီ ၅ ရက်နေ့မှ  ၁၁ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ကချင်ရိုးရာ မနောပွဲဖြင့်လည်း ဖျော်ဖြေရန် စီစဉ်ထားကြသည်။

၂၀၀၅ ခုနှစ် ကတည်းက ဂျိန်းဖော သတင်းစာကို ဖြန့်ချီခဲ့ပြီး အဓိကအားဖြင့် ကချင်ပြည်နယ် အကြောင်းများ၊ ကချင် တိုင်းရင်းသားများ အကြောင်း၊ ကချင်ရိုးရာ သမိုင်းအကြောင်းများနှင့် မနောပွဲသို့ တက်ရောက်လာသည့် ဧည့်သည်တော်များ အကြောင်း သတင်း အချက်အလက်များ ပါရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်က စာမျက်နှာ ၁၂ မျက်နှာပါ သတင်းစာ အစောင်ရေ ၁၅၀၀ ကျော် ထုတ်ဝေခဲ့သည်ဟု စုံစမ်း သိရှိရသည်။

ယခုနှစ်တွင် ထူးထူးခြားခြား စစ်အာဏာပိုင်များက ကန့်သတ်မှု ပြုလုပ်လာခဲ့ပြီး မထုတ်သင့်သော သတင်းများ မထုတ်ပြန်ရန် မှာကြားမှုများ ပြုလုပ်လာခဲ့သည်။

အလားတူ ဗန်မော်မြို့ရှိ ဒုတိယအကြိမ်မြောက် “ကောက်သစ်စား မနောပွဲ” တွင် မနောပွဲချိန်အတွင်း ခွင့်ပြုချက် မရဘဲ နေ့စဉ်သတင်းစာ ထုတ်ဝေ ရောင်းချခြင်း၊ မနောပွဲ သတင်းစာများ ရောင်းချခြင်းနှင့် မနောပွဲနှင့် ပတ်သက်သည့် ဗီစီဒီခွေများ ရောင်းချ ဖြန့်ဝေခဲ့သဖြင့်   ကော်မတီဝင် ၄ ဦးကို စစ်အစိုးရက ခေါ်ယူ စစ်ဆေးခဲ့သည်ဟု ကချင် သတင်းဌာနတွင် ဖော်ပြထားသည်။

မြောက်ပိုင်းတိုင်း စစ်တိုင်းမှှူး ဗိုလ်ချုပ်စိုးဝင်းက ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့ကြီးဖြစ်သည့် ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) အဖွဲ့ဝင်များကိုလည်း အဖွဲ့၏ စစ်ဝတ်စုံကို မဝတ်ဆင်ရန် ဒီဇင်ဘာ ၃၁ ရက်နေ့က ညွှန်ကြားထားမှုလည်း ရှိနေပြန်၍ တင်းမာမှုများ ဖြစ်ထွန်းလာနေသည်။

“ဟုတ်တယ်။ မနောပွဲ ကော်မတီတွေနဲ့ သူတို့ဘက်က ဗိုလ်မှူးကြီးတို့ မနောပွဲနဲ့ ပတ်သက်ပြီးတော့ စည်းဝေး လုပ်တယ်။ ဝတ်စုံ မဝတ်ရဘူး၊ ကေအိုင်အိုအနေနဲ့ မနောပွဲ လာမယ်ဆိုရင်လည်း အရပ်ဝတ်နဲ့လာဖို့ စာပို့လာတယ်” ဟု မြစ်ကြီးနားမြို့မှ ကေအိုင်အို ဆက်ဆံရေးရုံးမှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

ကေအိုင်အို ဗဟိုရုံးချုပ်တွင် ယနေ့တွင် ထိပ်ပိုင်း ခေါင်းဆောင်များ သီးခြား ပြုလုပ်သော အစည်းအဝေးက မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်တွင် မနက်ဖြန်တွင် စတင် ပြုလုပ်မည်ဖြစ်သော မနောပွဲသို့ ကိုယ်စားလှယ်သာ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ပြီးခဲ့သည့်နှစ်တွင် ကေအိုင်အိုအဖွဲ့ဝင် ၁၀၀၀ ကျော် ပြည်နယ်ပွဲသို့ တက်ရောက် ကပြခဲ့သည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူးနှင့် ကေအိုင်အို ကိုယ်စားလှယ်များက ပြီးခဲ့သည့်လ ၂၉ ရက်နေ့က ၁၀ ကြိမ်မြောက် တွေ့ဆုံခဲ့ရာ ကေအိုင်အိုအဖွဲ့ကို ပင်လုံစာချုပ်ပါ ကချင် တိုင်းရင်းသားများ၏ ရပိုင်ခွင့်များကို အသေးစိတ် စာရေးသား တင်ပြရန် နအဖဘက်က တောင်းဆိုထားသည်ဟု ကေအိုင်အို သတင်း ရပ်ကွက်တခုက ပြောသည်။

ကေအိုင်အို သည် ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်  လက်နက်ကိုင် တော်လှန်ခဲ့ရာမှ ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲခဲ့သည်။