သြစတြေးလျ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတခုက မြန်မာအတွက် အသုံးပြုရန် အဆင့်မြင့် ရေဒီယို ဆက်သွယ်ရေးစက် အလုံး ၅၀ ကို ပြီးခဲ့သည့်နှစ် အတွင်း ရောင်းချခဲ့သည်။
Berrett 2050 အမျိုးအစား ကြားဖြတ် ဖမ်းယူနိုင်စွမ်း ကောင်းသော ရေဒီယို အသံဖမ်းစက် အလုံး ၅၀ ကို ၂၀၀၉ ခုနှစ် အတွင်းမှာပင် ရောင်းချခဲ့ပြီး ယခင်ကလည်း နှစ်ကြိမ် ရောင်းချဖူးခဲ့သေးကြောင်း Perth မြို့ရှိ Barrett Communications ကုမ္ပဏီက ပြောဆိုခြင်း ဖြစ်သည်။
ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ မစ္စတာ Phil Bradshaw က “မြန်မာပြည်ကို ရောင်းတာက ၂၀၀၉ ခုနှစ်၊ ၂၀၀၆ နဲ့ ၂၀၀၅ လောက်က ရောင်းခဲ့တာလို့ ပြောလို့ရတယ်။ ကျနော် ထင်တယ်၊ ၂၀၀၉ ခုနှစ်ထဲမှာတော့ မြန်မာပြည်ကို အလုံး ၅၀ ရောင်းလိုက်တယ်” ဟု မဇ္စျိမကို ပြောသည်။
သို့သော် ယခင်အကြိမ်များက အရေအတွက် မည်မျှ ရောင်းချခဲ့သည်ကိုမူ ပြောကြားရန် ငြင်းဆန်လိုက်သလို စစ်တပ်သုံး ပစ္စည်းအနေဖြင့် ရောင်းချခဲ့ခြင်း မဟုတ်ဟု သူက ငြင်းချက်ထုတ်သည်။
သူက “ကျနော်တို့ ကုမ္ပဏီအနေနဲ့ မြန်မာ စစ်အစိုးရကို ဘယ်လို စစ်အသုံးအဆောင် ပစ္စည်းမှ ရောင်းချတာ မရှိပါဘူး။ ရောင်းချမှာလည်း မဟုတ်ပါဘူး” ဟု ဆိုသည်။
ယမန်နေ့ထုတ် The Sydney Morning Herald အွန်လိုင်း သတင်းစာတွင် သြစတြေးလျနိုင်ငံ ပါ့သ်မြို့အခြေစိုက် Barrett Communications ကုမ္ပဏီက မြန်မာစစ်တပ်နှင့် ဆက်သွယ်၍ မကြာသေးမီ လအနည်းငယ် အတွင်းက အဆင့်မြင့် ရေဒီယို အသံဖမ်း စက်များကို ပို့ဆောင်ပေးခဲ့သည်ဟု ဖော်ပြထားသည်။
ယခုကဲ့သို့ သြစတြေးလျ ကုမ္ပဏီက မြန်မာနိုင်ငံသို့ အဆင့်မြင့် ရေဒီယို အသံဖမ်းစက် ရောင်းချခြင်းနှင့် ပတ်သက်၍ သြစတြေးလျ အမျိုးသား တက္ကသိုလ် (ANU) မှ ပါမောက္ခ မစ္စတာ Desmond Ball က “ဒါကတော့ စစ်အစိုးရအနေနဲ့ အဆင့်မြင့် နည်းပညာ တော်တော်များများနဲ့ ကျန်တဲ့ နည်းပညာ ပိုင်းဆိုင်ရာတွေကို ဘယ်လို ရရှိသလဲ ဆိုတာပါပဲ။ သူတို့အနေနဲ့ အရပ်သား ဟန်ဆောင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရေဒီယိုကို ဝယ်မယ်ဆိုရင် စစ်တပ်အနေနဲ့ ဝယ်လို့ မရဘူးလေ။ ဒီလို အဆင့်မြင့် အရည်အသွေး ပစ္စည်းတွေကို စစ်တပ်က တော်တော်ကို လိုချင်နေတာ” ဟု မဇ္ဈိမကို ပြောသည်။
ပါမောက္ခ Dasmond Ball သည် သူ၏ဌာန Strategic and Defense Studies Center အတွက် မြန်မာစစ်တပ်၏ ဆက်သွယ်ရေး စနစ်အကြောင်းကို သုတေသန ပြုလုပ်ခဲ့ဖူးသည်။
အမည်မဖော်လိုသူ မြန်မာ့စစ်ရေး ကျွမ်းကျင်သူတဦးက “စစ်အစိုးရ ဝယ်တယ် ဆိုတာကတော့ ဖြစ်နိုင်ပါတယ်။ ကုန်သည်တွေကို စီးပွားရေးအရ ရောင်းတယ် ဆိုရင်လည်း စစ်တပ်ကို ရောက်မှာပဲ။ စစ်တပ်ကလည်း သူ့အတွက် လိုတယ်လေ။ လိုတယ်ဆိုတော့ ဒီဟာကို သုံးမှာပဲ။ military used (စစ်သုံး) အနေနဲ့ တိုက်ရိုက် ဝယ်ရင်လည်း စျေးကြီးတာကိုး။ အဲဒီတော့ သူတို့က Local use (ပြည်တွင်းသုံး) အနေနဲ့ ဝယ်ပြီးသုံးတာပေါ့” ဟု မဇ္စျိမကို ပြောသည်။
ယခုအခါ မြန်မာစစ်တပ်များတွင် တိုက်ပွဲသုံး TS 2004 ဟု ခေါ်သည့် အသံဖမ်းစက်၊ အသံဖြတ်စက်များကို အသုံးပြုလျက်ရှိပြီး ယင်း အသံဖမ်းစက်များမှာ တရုတ်နိုင်ငံမှ သာမန် ပြည်တွင်းသုံး စက်များဖြစ်ပြီး အဆိုပါ စက်များကို မြန်မာစစ်တပ်က ပြန်လည် ပြုပြင်ပြောင်းလဲကာ တိုက်ပွဲသုံးအဖြစ် အသုံးပြုနေကြောင်း သူက ပြောသည်။