သတင်းထောက် မလှလှဝင်းကို ထောင်ဒဏ် ၂၀ နှစ်တိုး

သတင်းထောက် မလှလှဝင်းကို ထောင်ဒဏ် ၂၀ နှစ်တိုး
by -
ဖနိဒါ
သတင်းလိုက်ရင်း ဖမ်းဆီးခံရသော အမျိုးသမီး သတင်းထောက် တဦးကို ပခုက္ကူခရိုင် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ထပ်တိုး ချမှတ်လိုက်ကြောင်း...

သတင်းလိုက်ရင်း ဖမ်းဆီးခံရသော အမျိုးသမီး သတင်းထောက် တဦးကို ပခုက္ကူခရိုင် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ထပ်တိုး ချမှတ်လိုက်ကြောင်း တရားရေးသတင်း ရပ်ကွက်တခုက ပြောသည်။

ပခုက္ကူထောင်တွင်း ထိန်းသိမ်းခံနေရသည့် ပြည်ပအခြေစိုက် သတင်းဌာနတခုအတွက် သတင်းပေးပို့ခဲ့သည်ဟု ယုံကြည်ရသော မလှလှဝင်းနှင့် သူ၏ အမှုတွဲဖြစ်သူ ကိုမြင့်နိုင်တို့အား ဒီဇင်ဘာ ၃၁ ရက်နေ့က ထောင်ဒဏ် အနှစ် ၂၀ နှင့် ၂၅ နှစ် အသီးသီး ထပ်ဆောင်းလိုက်ခြင်း ဖြစ်သည်။

အီလက်ထရောနစ် ဥပဒေနှင့် အခြား နိုင်ငံရေး ပုဒ်မတခုဖြင့် စွဲချက်တင် ထောင်ဒဏ် တိုးချခဲ့ခြင်းဟု သိရှိရသော်လည်း အသေးစိတ်ကို မသိရနိုင်သေးဘဲ ရှိနေသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မလှလှဝင်းသည် မကွေးတိုင်း ပခုက္ကူမြို့ရှိ သာသနာ့ ဝိပုလာရာမ ပါဠိတက္ကသိုလ် (အနောက်တိုက်) မှ သံဃာတော်များကို တွေ့ဆုံ မေးမြန်းခဲ့ပြီး အပြန်လမ်းတွင် သူတည်းခိုသည့် အိမ်ရှင် ကိုမြင့်နိုင်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။

တရားမဝင် ဆိုင်ကယ်စီးသည်ဟုဆို၍ ၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် သွင်းကုန် ထွက်ကုန် အက်ဥပဒေ ပုဒ်မ ၅၁ ဖြင့် ပခုက္ကူမြို့နယ် တရားရုံးက ထောင်ဒဏ် ရ နှစ် ချမှတ်ခဲ့သည်။

နိုင်ငံရေးနှင့် ပတ်သက်သည့် အမှုများကို လိုက်ပါဆောင်ရွက်လျှင် အာဏာပိုင်များ၏ ဖိနှိပ်ငြိုငြင်ခြင်း၊ ဖမ်းဆီး ခြိမ်းခြောက်ခြင်းနှင့် အဖိုးအခ ရနိုင်ရန် အခွင့်အလမ်း နည်းမှုတို့ကြောင့် ပခုက္ကူရှိ ရှေ့နေများက တရားဆိုင်ဘက်သိုု့ အကျိုးဆောင်လိုက်ပါပေးရန် မဝံ့မရဲ ဖြစ်နေကြသည်ဟု ရန်ကုန်မြို့နေ ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းက ပြောသည်။

ယခုကဲ့သို့ ထောင်ဒဏ် ချမှတ်လိုက်သည့်အပေါ် ပြင်းထန်စွာ ရှုတ်ချသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသတင်းသမဂ္ဂ BMA ဒုဥက္ကဋ္ဌ ဦးဇင်လင်းက မဇ္စျိမကို ပြောသည်။

“လူထု သိသင့်တဲ့ သတင်းအချက်အလက်တွေ ရရှိဖို့အတွက်၊ လူထုကို တင်ပြနိုင်ဖို့အတွက် ဖမ်းဆီးခံရတာ ဖြစ်တယ်။ ခုလို သတင်းထောက် တယောက်ကို မတရားတဲ့ စွဲချက်တွေနဲ့ နှစ်များစွာ ချမှတ်တဲ့အပေါ်မှာ ပြင်းထန်စွာ ရှုတ်ချတယ်၊ ကန့်ကွက်တယ်” ဟု ဦးဇင်လင်းက ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးမှစ၍ ၂၀၀၉ ခုနှစ်အတွင်း စာနယ်ဇင်းသမားများ စုစုပေါင်း ၁၄ ဦးခန့် ရှိသည်ဟု BMA က ပြောသည်။