နယူးဒေလီ (မဇ္စျိမ)။ ။ လာမည့် နှစ်ဆန်း တရက်နေ့မှစတင်၍ စီးပွားဖြစ် ဂီတပွဲနှင့် ပြန်လည်ထုတ်လွှင့်မှုများတွင် သီဆိုသည့် သီချင်းများအတွက် သက်ဆိုင်ရာ တေးရေးဆရာများကိုပါ အနုပညာကြေး ပေးဆောင်သွားရန် တေးရေးဆရာများ အဖွဲ့တခုက တောင်းဆိုလိုက်သည်။
ပြည်တွင်းပြည်ပ စင်တင်ဂီတပွဲများ ပြုလုပ်သည့်အခါ အဆိုတော်နှင့် တီးဝိုင်းကိုသာ အခကြေးပေးလေ့ရှိရာ သီချင်းရေးသူအတွက်ပါ ပေးဆောင်ရန် ရန်ကုန်တွင် တေးရေးဆရာ ၂၀ ဦးဖြင့် တည်ထောင်ထားသည့် ဂီတ အနုပညာ ဖန်တီးရေးနှင့် ထုတ်လုပ်ရေး ကုမ္ပဏီ (MCLC Co.Ltd) က ယနေ့ ပြောသည်။
“ပွဲစီစဉ်သူတွေက ရုံသွင်းပြီး လက်မှတ်ရောင်းနေတာ ကြာပြီဗျ။ အဲဒီမှာ တီးဝိုင်းကို ပေးရတယ်၊ အဆိုတော်ကို ပေးရတယ်၊ သီချင်းတွေကိုဆိုဖို့ ခံစားချက်နဲ့ ရေးပေးတဲ့ တေးရေးတွေအတွက် ခံစားခွင့် မရှိဘူး။ ဒါကြောင့် ကျနော်တို့သီချင်းကို အသုံးပြုမယ်ဆိုရင် ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ် ပွဲစီစဉ်တဲ့လူက ကျနော်တို့ဆီကို ခွင့်တောင်းပြီး ထိုက်သင့်တဲ့ အနုပညာကြေးပေးဖို့ တောင်းဆိုတာပါ” ဟု MCLC အဖွဲ့ဝင်တဦးဖြစ်သူ တေးရေး မောင်သစ်မင်းက မဇ္စျိမကို ပြောသည်။ သူသည် မြန်မာနိုင်ငံ ဂီတအစည်းအရုံး အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သည်။
MCLC အဖွဲ့ဝင် တေးရေးများ၏ သီချင်းစာသား (သို့မဟုတ်) စာသားနှင့် သံစဉ်ကို အသုံးပြုပါက တာဝန်ခံ စီစဉ်သူများ၊ တီးဝိုင်းမန်နေဂျာနှင့် အဆိုတော်ဖြစ်စေ ခွင့်ပြုချက် တောင်းခံရမည်ဟု ယခုလ ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှတဆင့် MCLC က ထုတ်ပြန်ခဲ့သေးသည်။
“အဆိုတော်တယောက်က ခွေထုတ်ဖို့ သီချင်းဝယ်တယ်ဆိုပေမယ့် သူ့ကို စတီဒီယိုထဲမှာပဲ ဆိုဖို့ခွင့်ပြုထားတာ။ အပြင်မှာ အခကြေးငွေယူပြီး ဖျော်ဖြေဖို့ ခွင့်မပြုထားဘူး။ ဒီတော့ ဒီသီချင်းနဲ့ အောင်မြင်လာတဲ့ အဆိုတော်လည်း သူ့တေးရေးကို ခွင့်တောင်းရမယ်။ ထိုက်သင့်တဲ့ငွေ ပေးရမယ်” ဟု မောင်သစ်မင်းက ပြောသည်။
“ကျနော်တို့က အနုပညာကြေးအတွက် ပြောလာတဲ့အခါ အဆိုတော်တွေကလည်း ပေးဖို့ပြောလာကြတယ်။ အဆိုတော်တွေက သဘောတူရင် ပွဲစီစဉ်တဲ့လူတွေလည်း ပေးကြမှာပါ။ ဘာလို့လဲဆိုတော့ သူတို့က ဒီအဆိုတော်တွေနဲ့ လုပ်စားနေရတာ၊ ဘယ်မျက်နှာ အပျက်ခံရဲမလဲ။ ခွင့်မတောင်းဘဲ ဆိုလာရင်တော့လည်း အရေးယူဖို့ ဥပဒေ မရှိသေးပါဘူး” ဟု သူက ဆိုသည်။
ထို့အပြင် ရုပ်/သံ၊ ရေဒီယို ထုတ်လွှင့်ခြင်း၊ အွန်လိုင်း လွှင့်တင်ခြင်းတို့တွင် ငွေကြေးအမြတ်အစွန်းအတွက် ဖျော်ဖြေတင်ဆက်ရာ၌ ရရှိလာသည့် ဝင်ငွေထဲမှ ၁၀ ရာခိုင်နှုန်းကို MCLC အဖွဲ့ဝင် တေးရေးများကို ခွဲဝေပေးရမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ယခုလို တောင်းဆိုမှုအပေါ် တေးရေးနှင့် တေးဆို ဆောင်းဦးလှိုင်ကလည်း “အဆိုတော်တွေက ဒီသီချင်းတွေနဲ့ ငွေတွေ သိန်းဆယ်ချီရနေတဲ့ အနေအထားမှာ Copy (ကော်ပီသံစဉ်) ရေးထားတဲ့ တေးရေးပဲဖြစ်ဖြစ်၊ Own tune (ကိုယ်ပိုင်သံစဉ်) ရေးထားတဲ့ တေးရေးပဲဖြစ်ဖြစ် သူတို့ရဲ့ခံစားခွင့်က ယနေ့ထက်တော့ ပိုရသင့်တယ်။ ဒါကြောင့် သတင်းစာမှာပါတဲ့ ကြော်ငြာဟာ လောလောဆယ် မြန်မာပြည်ရဲ့ အခြေအနေအရ မမှားဘူးလို့ ထင်ပါတယ်။ ကျန်တေးရေးအားလုံးအတွက်ပါ သွယ်ဝိုက်တောင်းဆိုပေးတာ ဖြစ်တဲ့အတွက် ကြိုဆိုပါတယ်” ဟု ပြောသည်။
ဆရာမောင်သစ်မင်းက “နိုင်ငံတကာမှာ တေးရေးတယောက်ဟာ သူ့သီချင်း တခါဆိုတိုင်း သူ့ဘဏ်စာရင်းထဲကို ငွေက တိုးလာနေတာ။ မြန်မာပြည်မှာ ဒါမျိုးမရှိတော့ တေးရေးတွေက သီချင်းတပုဒ်ပြီးတာနဲ့ နောက်တပုဒ်ရေးဖို့ စဉ်းစားရတယ်။ တချို့ဆို အဆိုပြိုင်ပွဲတွေမှာ ဒိုင်လုပ်တာတို့၊ FM တွေမှာ တေးဂီတ အစီအစဉ်တွေ လုပ်တာတို့တွေပါ တွဲလုပ်နေရတယ်” ဟု သူက ပြောသည်။
ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း (အထက်ဘလောက်) တွင် ဖွင့်လှစ်ထားသည့် MCLC Co.Ltd ကို စိုင်းခမ်းလိတ်၊ သုခမိန်လှိုင်၊ ကိုနေဝင်း၊ မင်းချစ်သူ၊ မောင်သစ်မင်း၊ စောခူဆဲ၊ ဝင်းမင်းထွေး၊ ဇဝါ၊ မြင့်မိုးအောင်၊ ထူးအိမ်သင်၊ ကေအေတီ၊ နိုင်းနိုင်၊ သော်ဒီဝေ၊ ညီညီသွင်၊ ရွှေဂျော်ဂျော်၊ အောင်နိုင်စန်း၊ အရိုး၊ ဆဲလ်၊ R ခိုင် အပါအဝင် တေးရေးဆရာ ၂၀ ဦး အမည်ဖြင့် အစုရှယ်ယာထည့်ဝင်ကာ ယခုလဆန်းပိုင်းတွင် စတင်တည်ထောင်ခဲ့သည်။
ထိုအထဲတွင် ကွယ်လွန်ပြီး သီချင်းစပ် သီကုံးသူအချို့၏ မိသားစုဝင်များက အစုရှယ်ယာ ထည့်ဝင်ထားပြီး ရရှိလာမည့် အနုပညာကြေးကို ခံစားခွင့် ရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အင်္ဂလိပ်ကိုလိုနီခေတ်ကတည်းက ရေးဆွဲထားသည့် ဥပဒေသာ ရှိသည့်အတွက် မူပိုင်ခွင့် ပြဿနာများကို မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ဆွေးနွေးညှိနှိုင်းသည့် နည်းဖြင့်သာ ဖြေရှင်းပေးလျက်ရှိသည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာ့ မူပိုင်ခွင့်ဆိုင်ရာ အဖွဲ့ - WIPO ၏ စည်းမျဉ်းဥပဒေများကို ကိုးကားထားသည့် ခေတ်နှင့်လျော်ညီသော မူပိုင်ခွင့် ဥပဒေတရပ်ကို မြန်မာအာဏာပိုင်များက ရေးဆွဲလျက်ရှိပြီး ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းကျင့်သုံးနိုင်မည်ဖြစ်ကြောင်း ဂီတအစည်းအရုံးက ဆိုသည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)