မြန်မာမြင်း ၆ ကောင် နိုင်ငံတကာ ပွဲစဉ်များတွင် ယှဉ်ပြိုင်ခွင့်ရ

မြန်မာမြင်း ၆ ကောင် နိုင်ငံတကာ ပွဲစဉ်များတွင် ယှဉ်ပြိုင်ခွင့်ရ
ကမ္ဘာ့မြင်းစီး အားကစား အဖွဲ့ချုပ်က မြန်မာနိုင်ငံမှ ပြိုင်မြင်း ၆ ကောင်ကို ထိုင်းနိုင်ငံ၌ လာမည့်နှစ်တွင် ကျင်းပမည့် တာဝေးပြိုင်ပွဲသို့ ပထမဆုံး သွားရောက်ယှဉ်ပြိုင်ခွင့် ပြုလိုက်ပြီ ...

နယူးဒေလီ (မဇ္စျိ)။      ။ ကမ္ဘာ့မြင်းစီး အားကစား အဖွဲ့ချုပ်က မြန်မာနိုင်ငံမှ ပြိုင်မြင်း ၆ ကောင်ကို ထိုင်းနိုင်ငံ၌ လာမည့်နှစ်တွင် ကျင်းပမည့် တာဝေးပြိုင်ပွဲသို့ ပထမဆုံး သွားရောက်ယှဉ်ပြိုင်ခွင့် ပြုလိုက်ပြီဟု မြန်မာနိုင်ငံ မြင်းစီး အားကစားအဖွဲ့ချုပ် (MEF) က ပြောသည်။

ဆွစ်ဇာလန်ရှိ ကမ္ဘာ့မြင်းစီး အားကစားအဖွဲ့ချုပ်သို့ လျှောက်ထားရာ ပြီးခဲ့သည့်လ ၂၅ ရက်နေ့တွင် ခွင့်ပြုကြောင်း ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းနှင့် ပင်လုံလမ်းထောင့်ရှိ MEF မှ ဒု-ဥက္ကဋ္ဌ ဦးငြိမ်းကျော်က မဇ္စျိမကို ပြောသည်။

“ကျနော်တို့ ဆွစ်ဇာလန်မှာရှိတဲ့ ကမ္ဘာ့မြင်းစီး အားကစားအဖွဲ့ချုပ်ဆီကို လျှောက်ထားတာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က ခွင့်ပြုခဲ့ပါတယ်” ဟု သူက ပြောသည်။

ဦးငြိမ်းကျော်သည် MEF တွင် ဒု-ဥက္ကဋ္ဌနှင့် နည်းစနစ်မှူးအဖြစ် တွဲဖက်တာဝန်ယူထားပြီး အာဆီယံ (အရှေ့တောင်အာရှ နိုင်ငံများ အသင်း) မြင်းစီးအဖွဲ့ချုပ်တွင်လည်း ဒု-ဥက္ကဋ္ဌ ဖြစ်သည်။

နိုင်ငံတကာ မြင်းစီးပြိုင်ပွဲများသို့ ယှဉ်ပြိုင်ခွင့် ရရှိလိုက်သည့် မြင်းများမှာ စိန်ဘယက်၊ ပုဂံမင်းသမီး၊ လှသိင်္ဂီ၊ Peach၊ ရွှေဆယ်နှင့် ရွှေဥက္ကာ အမည်ရ မြင်းများ ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း ပုဂံမြို့တွင် ကျင်းပခဲ့သော မြင်းစီးပြိုင်ပွဲသို့ အာဆီယံ မြင်းစီးအဖွဲ့ချုပ်မှ ဆရာဝန်များ လာရောက်စဉ် ယခုမြင်းများကို စစ်ဆေးပြီးနောက် နိုင်ငံတကာပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီကြောင်း ကမ္ဘာ့မြင်းစီး အားကစားအဖွဲ့ချုပ်သို့ ထောက်ခံချက်ပေးခဲ့သည်။ သို့သော် ယခုမြင်းများသည် မြင်းစီး တာဝေးပြိုင်ပွဲ အတွက်သာဖြစ်ပြီး မြင်းစီး တန်းကျော်ပြိုင်ပွဲအတွက် မဟုတ်ပါ။

ယခင်က နိုင်ငံတကာ မြင်းစီးပြိုင်ပွဲများသို့ MEF က သွားရောက်ယှဉ်ပြိုင်ရာတွင် အခြားနိုင်ငံများမှ မြင်းများကို ငှားရမ်း၍ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာမြင်းများကို လေကြောင်းခရီးဖြင့် သယ်ယူရန် အခက်အခဲရှိသဖြင့် အရည်အချင်း မစစ်ဆေးဘဲ၊ လာမည့်နှစ် ဖေဖော်ဝါရီတွင် ထိုင်း၌ ကျင်းပမည့် အာဆီယံ မြင်းစီး အားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်ရေးအတွက် အာဆီယံ မြင်းစီးအဖွဲ့ချုပ် တာဝန်ရှိသူများကို ဖိတ်ခေါ်၍ စတင်စစ်ဆေးစေခဲ့ခြင်း ဖြစ်သည်။

“ခါတိုင်းလိုတော့ သူများမသုံးချင်တဲ့ မြင်းမျိုး မသုံးရတော့ဘူးပေါ့။ တခြား တိုင်းပြည် သွားပြိုင်တဲ့အခါတိုင်း မြင်းငှားရတယ်ဗျာ။ အဲဒီမှာ အမြဲတမ်း မကောင်းတဲ့မြင်းပဲ ကိုယ်ကရတယ်။ အခုတော့ ကိုယ့်မြင်းနဲ့ ကိုယ့်ကစားသမားဆိုတော့ အများကြီး အဆင်ပြေတာပေါ့” ဟု ဦးငြိမ်းကျော်က ပြောသည်။

သူက ဆက်ပြီး ''အခုဟာက ထိုင်းမှာဆိုတော့ နီးတဲ့အတွက် သယ်ယူသွားပြီး ပြိုင်နိုင်တာဖြစ်ပါတယ်။ ဒူဘိုင်းလို နေရာမျိုးဆို လေယာဉ်နဲ့ သယ်သွားရမှာဖြစ်တဲ့အတွက် ဒီမြင်းတွေနဲ့ ပြိုင်နိုင်မှာ မဟုတ်ဘူး။ အဲလို အခက်အခဲလေးတွေ ရှိတယ်'' ဟု ပြောသည်။

မြင်းများကို ထိုင်း-မြန်မာ နယ်စပ်သို့ ကားများဖြင့် သယ်ယူသွားကာ၊ ထိုမှတဆင့် ပြိုင်ပွဲ ကျင်းပရာသို့ ဆက်လက် ခေါ်ယူသွားမည် ဖြစ်သည်။

လာမည့်လအတွင်း အိမ်နီးချင်း လာအိုနိုင်ငံတွင် ကျင်းပမည့် ၂၅ ကြိမ် ဆီးဂိမ်းပြိုင်ပွဲတွင် မြင်းစီးအားကစားပွဲ မပါဝင်သဖြင့် လာမည့်နှစ် အာဆီယံ မြင်းစီးအဖွဲ့ချုပ်က အရှေ့တောင်အာရှ မြင်းစီးပြိုင်ပွဲအမည်ဖြင့် ဖေဖော်ရီလတွင် သီးသန့်ကျင်းပမည့် မြင်းစီးအားကစားပြိုင်ပွဲကို စီစဉ်ထားခြင်း ဖြစ်သည်။

၁၉၉၁ ခုနှစ် စတင်တည်ထောင်ခဲ့သည့် MEF (Myanmar Equestrian Federation) သည် ၂၀၀၄ ခုနှစ်တွင် မလေးရှားနိုင်ငံ ပီနန်ကျွန်း၌ ပြုလုပ်သော မြင်းစီး အားကစားပွဲတော်တွင် ရွှေတံဆိပ် ၃ ဆု၊ ငွေ ၂ ဆုနှင့် ကြေး ၁ ခု ဆွတ်ခူးရရှိခဲ့သေးသည်။